ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေ(၁၈၅)ဧက ဖော်ထုတ်ဆောင်ရွက်

ရေတာရှည်၊ ၄ ဇန်နဝါရီ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဇန်နဝါရီ ၃ ရက် ညနေပိုင်းက ရေတာရှည်မြို့နယ် စိုင်တမော့ကြီးကျေးရွာတွင် စက်မှုလယ်ယာစနစ်ကျ လယ်မြေ(၁၈၅)ဧက ဖော်ထုတ်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးကြသည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့အား လုပ်ငန်းခွင်ရှင်းလင်းဆောင်၌ စက်မှုလယ်ယာစနစ်ကျ လယ်မြေ ၁၈၅ ဧကကို တာဝန်ယူဖော်ထုတ်ဆောင်ရွက်နေသည့် Super Sun Bright နှင့် Myo Myanmar Oo Co.Ltd မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် နွေစပါးအမီ လုပ်ငန်းပြီးစီးရန် လိုအပ်ချက်များကို လမ်းညွှန်မှာကြားပြီး တောင်သူများအား စနစ်ကျလယ်မြေ ဖော်ထုတ်လုပ်ကိုင်ခြင်းကြောင့် ရရှိလာနိုင်မည့်အကျိုးကျေးဇူးများ၊ တောင်သူများဘက်ကလည်း ဆက်လက်ဆောင်ရွက်လုပ်ကိုင်ရမည့် စိုက်ပျိုးမှုစနစ်များ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် အချက်များအား ရှင်းလင်းပြောကြားကာ ကျန်သနွယ်ကျေးရွာအုပ်စု ကွင်းအမှတ် (၆၇၀-က) တွင် စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုကြသည်။

 

အဆိုပါ စက်မှုလယ်ယာစနစ်ကျ လယ်မြေ (၁၈၅)ဧက ဖော်ထုတ်ခြင်းလုပ်ငန်းအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၂၃၇ ဒသမ ၇)သန်းဖြင့် Super Sun Bright နှင့် Myo Myanmar Oo Co.Ltd တို့က အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းအား ယခင်က တစ်ဧကလျှင် ငါးကွက်နှုန်းဖော်ထုတ်ရာမှ ယခုအခါ တစ်ဧကတစ်ကွက်နှုန်း‌ ဖော်ထုတ်ဆောင်ရွက်ခြင်းကြောင့် စပါးအထွက်နှုန်းတိုးခြင်း၊ လယ်ရေပေးဝေမှုအား 4"pvc Pipe နှင့် စနစ်တကျပေးဝေနိုင်ခြင်း၊ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများ စနစ်တကျ အသုံးပြုနိုင်မည်ဖြစ်သည့်အပြင် တောင်သူလယ်သမားများအနေဖြင့်လည်း စနစ်ကျလယ်မြေ ဖော်ထုတ်ခြင်းအတွက် စနစ်တကျ ကုန်ထုတ်လမ်းများ ပါဝင်သဖြင့် လယ်မြေထုတ်ကုန်များ အချိန်မီ သယ်ယူဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

တင်စိုး(ပဲခူး)