ရွှေတိဂုံစေတီ အပါအဝင် တန်ခိုးကြီးဘုရားစေတီတို့၏ အလှူငွေသုံးစွဲမှုအား ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ သုံးစွဲရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်လျက်ရှိ

ရန်ကုန် ၁၆ မေ

 

ရွှေတိဂုံစေတီ အပါအဝင် တန်ခိုးကြီးဘုရားစေတီတို့၏ အလှူငွေသုံးစွဲမှုအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း များနှင့်အညီ သုံးစွဲရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်လျက်ရှိပြီး ရွှေတိဂုံစေတီတော် ဘဏ္ဍာငွေစာရင်းများကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ တာဝန်ပေးချက်အရ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးက နှစ်စဉ်စစ်ဆေးလျက်ရှိကာ စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များအတိုင်း လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းမှ ပြောကြားသည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေတိဂုံဘုရား အပါအဝင် ဘုရားစေတီများ၏ ဝေယျာဝစ္စ စီမံဆောင်ရွက်နေသော ဂေါပကအဖွဲ့ဝင်လူကြီးများ ရွေးချယ်မှု၊ ဘဏ်အသီးသီးတွင် အပ်နှံထားသော အလှူငွေစုစုပေါင်းနှင့် အတိုးငွေတန်ဖိုး ရရှိခဲ့သောအလှူငွေ စုစုပေါင်းအား ဘုရားစေတီအလိုက် မည်မျှရှိကြောင်းနှင့် အဆိုပါ အလှူငွေများအား ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ သုံးစွဲမှုရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် မည်သို့ဆောင်ရွက်ကြီးကြပ် ထားသည်ကို သိလိုကြောင်း ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ မေးမြန်းမှုကို ဦးနိုင်ငံလင်းမှ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

 

လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း က '' ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သော ရွှေတိဂုံဘုရား အပါအဝင် ဘုရားစေတီများ၏ ဂေါပကအဖွဲ့ဝင်လူကြီးများအနေဖြင့် ဘုရားဖူးပြည်သူများ အဆင်ပြေရေးနှင့် ရရှိသော အလှူငွေများအား ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ ထိန်းသိမ်းနိုင်ရန် အရည်အချင်း ပြည့်ဝသော လူပုဂ္ဂိုလ်များရရှိစေရေးအတွက် အကျင့်စာရိတ္တ ကောင်းမွန်မှု၊ ယုံကြည်စိတ်ချစွာ သာသနာပြု ဝေယျာဝစ္စလုပ်ငန်းများ ထမ်းဆောင်နိုင်မှုများအပေါ် မူတည်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ ညှိနှှိုင်းစိစစ်၍လည်းကောင်း၊ ဂေါပကအဖွဲ့ ရွေးချယ်ရေးကော်မတီ ဖွဲ့စည်း၍လည်းကောင်း၊ ဂေါပက စည်းမျဉ်းပါအတိုင်း ဂေါပကလူကြီးများကို ရွေးချယ်၍ စေတီတော် သြဝါဒစရိယ ဆရာတော်ကြီးများ ထံသြဝါဒခံယူ၍ သက်ဆိုင်ရာ မြို့နယ်/ တိုင်းဒေသကြီး သံဃနာယကအဖွဲ့၏ အတည်ပြုချက်ဖြင့် ရွေးချယ်ဖွဲ့စည်းထားကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

 

အလားတူ မြန်မာ့စီးပွားရေးဘဏ် အသီးသီးရှိ ရွှေတိဂုံ စေတီတော်မြတ်ကြီး၏ အလှူငွေ စုစုပေါင်းတန်ဖိုးနှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ကာလအတွင်း ရွှေတိဂုံ၊ ဆူးလေ၊ ကမ္ဘာအေး၊ ဗိုလ်တထောင်၊ စွယ်တော်မြတ် စေတီတော်တို့မှ ရရှိခဲ့သော အလှူငွေများမှာ ရွှေတိဂုံစေတီတော်မှ ဘီလီယံ(၆၇)သိန်းကျော်နှင့် နိုင်ငံခြားငွေ USD ၁၅၂ သိန်းကျော်ဖြစ်ပြီး ငွေစုစာအုပ်များမှ အတိုးရရှိမှုအခြေအနေမှာ ၂၀၁၇ ခုနှစ်တွင် အတိုးနှုန်း သိန်းပေါင်း (၄၇၆၄)သိန်းကျော် ဖြစ်ပြီး ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ စည်းမျဉ်းပါ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအတိုင်း တိကျစွာဂေါပကအဖွဲ့က ဆုံးဖြတ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် နှစ်စဉ်ပြက္ခဒိန်နှစ်အတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ အစိုးရဝန်ကြီးဌာနများနည်းတူ ဘတ်ဂျတ်ရေးဆွဲ လျာထားအတည်ပြုပြီး ဘတ်ဂျတ်လျာထားခွဲဝေမှု အတွင်းသာ သုံးစွဲနေကြောင်းနှင့် ပြက္ခဒိန်နှစ် ကုန်ဆုံးချိန်တွင် ဘဏ္ဍာငွေလိုအပ်ချက်အရ ခေါင်းစဉ်လွှဲပြောင်းသုံးစွဲခြင်း ပိုငွေပြန်လည်အပ်နှံခြင်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိတယ်လို့ ဦးနိုင်ငံလင်းမှ ဖြေကြားသည်။

 

ထို့အတူ “ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့၏ တစ်နေ့တာ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာတော်ထိန်းသိမ်းမှု အခြေအနေကို အများပြည်သူများ သိရှိနိုင်စေရန် ရုပ်သံရိုက်ကူးပြီး Sky Net ရုပ်သံလိုင်းတွင် အခါအားလျော်စွာ ထုတ်လွှင့်ပြသလျက်ရှိပြီး ဆူးလေစေတီတော်မှ သိန်းပေါင်း(၁၆ဝ)ကျော်နှင့် နိုင်ငံခြားငွေ USD ၈၇၃၆၊ SGD ၃၈ ဖြစ်ပါကြောင်း၊ ကမ္ဘာအေးစေတီတော်မှ သိန်းပေါင်း (၈၉ဝ)ကျော်နှင့် နိုင်ငံခြားငွေ USD ၂၁၄၁၂.ဝ၇ ဖြစ်ပါကြောင်း၊ ဗိုလ်တထောင်စေတီတော်မှ သိန်းပေါင်း(၁၄၅)သိန်းကျော်နှင့် နိုင်ငံခြားငွေ USD ၁၅၂ သိန်းကျော် ဖြစ်ပါကြောင်း၊ စွယ်တော်မြတ်စေတီတော်မှ သိန်းပေါင်း(၁၅၈)သိန်းကျော် ဖြစ်ပါကြောင်း၊ ဂေါပကအဖွဲ့များသည် ရရှိသော အလှူငွေများကို သက်ဆိုင်ရာ စေတီတော်ဂေါပကအဖွဲ့ စည်းမျဉ်းစည်းကမ်း များနှင့်အညီ သြဝါဒါစရိယ ဆရာတော်ကြီးများ၏ သြဝါဒခံယူ၍ သုံးစွဲလျက်ရှိပြီး ရရှိသုံးစွဲမှု အခြေအနေကို ခရိုင်/မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများနှင့် တိုင်းဒေသကြီး သာသနာရေးမှူးရုံးများသို့ လစဉ်အစီရင်ခံ တင်ပြလျက်ရှိပါကြောင်း၊ ရွှေတိဂုံစေတီ အပါအဝင် တန်ခိုးကြီးဘုရားစေတီတို့၏ အလှူငွေ သုံးစွဲမှုအား ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်လျက်ရှိပါကြောင်း'' ပြန်လည်ဖြေကြားခဲ့သည်။

 

အစည်းအဝေးတွင် တန်ခိုးကြီးဘုရားများ၏ စုစုပေါင်း အလှူငွေရရှိမှုစာရင်းကို နှစ်စဉ်စာရင်းစစ်ချုပ် အစီရင်ခံစာတွင် ထည့်သွင်းပေးရန် အစီအစဉ် ရှိ/မရှိ ဆက်စပ်မေးခွန်း မေးမြန်းရာ လူမှုရေးဝန်ကြီးက “ဗဟိုအဆင့်ရှိ တန်ခိုးကြီးဘုရားများကို ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ဆောင်ရွက်လျက်ရှိသဖြင့် လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း'' ပြန်လည်ဖြေကြားခဲ့သည်။

 

MDN