ရေဦးမြို့နယ်ရှိ စက်ရုံအလုပ်ရုံနှင့် ဟိုတယ်များ၌ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိမရှိ‌ ရှောင်တခင်စစ်ဆေး

ရေဦး  ၂၇  မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် နှင့် ပူးပေါင်းစစ်ဆေးရေး အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် ဟိုတယ်လုပ်ငန်း များတွင် ညွှန်ကြားချက်များနှင့်အညီ စီစဉ်ထားရှိမှု ရှိ မရှိကို ရှောင်တခင် စစ်ဆေးခဲ့သည်။

 

ထိုသို့စစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ယင်းနေ့ နံနက်ပိုင်းက ပုန်းတကားကျေးရွာ စန်းသီရိအောင်ဆန်စက်နှင့် အောင်ကောင်းမြတ်ဆန်စက်၊ ဗိုလ်အောင်ဇေယျ၊ အောင်ချမ်းသာရပ်ကွက်ရှိ အောင်သရဖူဟိုတယ်၊ အာကာသ၊ သစ္စာဦး၊  နယူးစွမ်း အဝေးပြေးမော်တော်ယာဉ် ကားဂိတ်များတွင် လည်းကောင်း၊  ညနေပိုင်းတွင်  ကျန်ရှိနေသည့် မြို့ပေါ်ရပ်ကွက်များရှိ ရွှေရည်ဦး၊ အဲဗားရှိုင်း၊ မိုးကျော်ကျော် ဟိုတယ်များ၊ မနောမြိုင်ဆန်စက်၊  ပစ်တိုင်းထောင်ဆန်စက်၊ ဟန်သစ်ဆန်စက်၊ BG- Microfinance နှင့် BRAC- Myanmar အလုပ်ရုံများကို စစ်ဆေးခဲ့ကြသည်။

 

ထိုသို့စစ်ဆေးရာတွင် ဟိုတယ်လုပ်ငန်းများတွင် စီစဉ်ဆောင်ရွက်ထားရှိရမည့် စစ်ဆေးချက် ၅၉ ချက်အနက် ၃၁ ချက်ကို လည်းကောင်း၊  စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်များတွင် စီစဉ်ဆောင်ရွက်ထားရမည့် အချက်  ၁၀ ချက်ကိုလည်းကောင်း  စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိချက်နှင့် လိုအပ်သည့်အကြံပြုချက်များကို စာရင်းရေးသွင်း မှာကြားခဲ့ကြောင်း သိရသည်။ 

 

သန်းထိုက် (ရေဦး)