ရေယို-နိုးကိုး-ကုန်းသာ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ်ဖွင့်လှစ်

လွိုင်ကော် ၈ ဇန်နဝါရီ

ကယားပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၈-၂၀၁၉ ခုနှစ်၊ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ကျပ် ၆၄၄ သန်းဖြင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည် လွိုင်ကော်မြို့နယ် ရေယို-နိုးကိုး-ကုန်းသာ ကျေးရွာချင်းဆက် ကတ္တရာလမ်းသစ် (၃/၂.၃၆)မိုင် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက လွိုင်ကော်မြို့နယ်၊ နိုးကိုးရွာမကျေးရွာတွင် ကျင်းပသည်။

 

085

 

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားမိဘပြည်သူများ၏ အောင်မြင်မှုဖြစ်ပြီး လမ်းအားရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အားလုံးက ဝိုင်းဝန်းထိမ်းသိမ်းရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ ကျေးရွာနေပြည်သူများ အနေနှင့် ဒီမိုကရေစီစနစ်၏ သဘောဖြစ်သော စည်းမျဉ်းစည်းကမ်းနှင့်အညီ သွားရသည်ဖြစ်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုများဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပြီး အာဆီယံဒေသတွင်း မိမိတို့နိုင်ငံ၏ နိမ့်ကျခဲ့မှုများကို ယခုအချိန်တွင် မြှင့်တင်ရမည်ဖြစ်ကြောင်း၊ အားနည်းချက်များ လျော့နည်းပြီး အားသာချက်များ များပြားလာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ နောင်လာနောက်သားများအတွက်  အမွေကောင်းများ ပေးနိုင်ရန်ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ယခုလို ကျေးရွာ(၁၅)ရွာ၊ အိမ်ခြေ (၁၄၁၇)အိမ်နှင့် လူဦးရေ (၈၀၀၀)နီးပါးခန့်အတွက် အကျိုးပြုမည့် ယခုလမ်းကြီးအား ရေရှည်အတွက် ထိန်းသိမ်းကြရန်လိုပြီး အားလုံးလိုလားတောင့်တနေသော စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာစေရေးအတွက် မိမိတို့ကျရာကဏ္ဍများမှ ဝိုင်းဝန်းကြိုးပမ်း ဖော်ဆောင်နိုင်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

 

089

 

ထို့နောက် ကုန်းသာကျေးရွာနေ ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အကြီးအကဲများအား ကတ္တရာလမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ကတ္တရာလမ်းသစ်အား ကယားပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် နိုးကိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများက အဆိုပါလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ထွန်းလေး