ရီးယဲလ်၏ ခံစစ်ကစားပုံအတွက် အကြောင်းပြချက်မရှိဘဲ အဖြေရှာရန် မိမိ ကြိုးပမ်းမည်ဖြစ်ကြောင်း ဇီဒန်းဆို

၉  နိုဝင်ဘာ

ရီးယဲလ်အသင်းက မက်တဲလားကွင်းမှာ အိမ်ရှင် ဗလင်စီယာအသင်းကို လေးဂိုး-တစ်ဂိုးနဲ့ အရေးနိမ့်ခဲ့ပြီး နှစ်ရာသီအတွင်း အကြီးမှားဆုံး ရှုံးပွဲကြုံခဲ့ရပါတယ်။  ရလဒ်ပိုင်းထက် ပိုပြီးစိတ်ပျက်စရာကောင်းတာက ပင်နယ်တီ သုံးဂိုးခွင့်ပြုခဲ့ရမှုနဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူခြင်းစတဲ့ အမှားတွေ လုပ်ဆောင်ခဲ့တဲ့ ခံစစ်ဖြစ်ပါတယ်။

 

ရီးယဲလ်အသင်းဟာ ကာရင်ဘန်းဇီးမားရဲ့ သွင်းဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပွဲချိန် ၃၅ မိနစ်၊ ၅၄ မိနစ်နဲ့  ၆၃ မိနစ်တွေမှာ ဗလင်စီယာအသင်းကို ပင်နယ်တီတွေ ဆက်တိုက် ခွင့်ပြုခဲ့ရသလို  ပွဲကစားချိန် ၄၃ မိနစ်မှာလည်း ဗာရန်းက  ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုကြောင့် လေးဂိုးပြန်ပေးခဲ့ရပြီး လေးဂိုး-တစ်ဂိုးနဲ့  ရှုံးပွဲ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲမှာ နောက်တန်းက မာဆယ်လ်လို၊ ရာမို့စ်နဲ့ ဗာရန်းတို့အားလုံးအမှားတွေ ကျူးလွန်ခဲ့ကြပြီး  ဇီဒန်း ချထားတဲ့ သုံးယောက်တွဲ ခံစစ်ဟာ ပြိုင်ဘက်အသင်းတိုက်စစ်ကို ရှင်းမထုတ်နိုင်ရုံမက တစ်ပွဲတည်းမှာ ပင်နယ်တီပြစ်ဒဏ် သုံးကြိမ် ခွင့်ပြုခဲ့ရတဲ့အထိ ကစားပုံ ဆိုးရွား ခဲ့တာဖြစ်ပါတယ်။

 

ရီးယဲလ်အသင်းမှာ ကွင်းလယ်အဖျက်ပိုင်း ကစားနိုင်တဲ့ ကတ်စ်မဲရိုး မကစားနိုင်ရင် ခံစစ်က ပေါက်ထွက်နေပြီး ပြိုင်ဘက်အသင်းတွေကို ဂိုးတွေ လွယ်လွယ်ကူကူ ခွင့်ပြုနေရတာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှာလည်း ပုံမှန် ဂိုးသွင်းခြေရှိတာဆိုလို့ ဘန်ဇီးမား တစ်ဦးသာရှိပြီး  ဟာဇက်ကလည်း ဒဏ်ရာပြဿနာက လွန်မြောက်လာချိန်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရပြန်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရီးယဲလ်က တိုက်စစ်၊ ခံစစ်၊ ကွင်းလယ် နေရာစုံမှာ လိုအပ်ချက်တွေ များစွာရှိခဲ့ပြီး ရလဒ်ပိုင်း ခုထိ တည်ငြိမ်မှု မရှိသေးတာကို တွေ့ရပါတယ်။

 

ဇီဒန်းကတော့ “ပထမဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း  အခြေအနေတွေအားလုံး ယိုင်းယိုင်ခဲ့သလို  နောက်တန်းခံစစ်က တောက်လျောက်အမှားတွေ ကျူးလွန်ခဲ့ပါတယ်။ နည်းစနစ်ပိုင်းအရ ဗလင်စီယာအသင်းဟာ ကျွန်တော်တို့ထက် ပိုကောင်းခဲ့တာ မဟုတ်ပါဘူး။ ဒါပေမယ့် ဂိုးတွေ လွယ်လွယ်ကူကူ ပေးနေရတယ်။  အဲဒီအတွက် အဖြေရှာရပါတော့မယ် လို့ ပွဲအပြီး ပြောကြားခဲ့ပါတယ်။

မေလဲ့သင်း