ရိခေါ်ဒါရ်မြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းနှင့် မဲရုံတာဝန်ကျပုဂ္ဂိုလ်များ အစမ်းလေ့ကျင့်မှုပြုလုပ်

ရိခေါ်ဒါရ် ၆ နိုဝင်ဘာ     

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ မဲရုံများပြင်ဆင်ထားရှိမှု အခြေအနေများကို ရိခေါ်ဒါရ်မြို့ အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့်အတူ တာဝန်ရှိသူများက နိုဝင်ဘာ ၅ ရက် မွန်းလွဲ ၂ နာရီခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ရိခေါ်ဒါရ်မြို့၌ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို အခက်အခဲမရှိ အဆင်ပြေချောမွေ့အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရိခေါ်ဒါရ်မြို့ ရပ်ကွက်နှစ်ခုအတွင်းရှိ မဲရုံ (၄)ရုံများ၌ မဲရုံတာဝန်ထမ်းရွက်မည့် ပုဂ္ဂိုလ်များနှင့် ဆန္ဒမဲပေးမည့်သူများ အဆင်ပြေစေရေးအတွက် ညွှန်ကြားချက်နှင့်အညီ ပြင်ဆင်ထားရှိမှုအခြေအနေ မဲရုံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ထားရှိမှု အခြေအနေ၊ မဲရုံပြင်ဆင်ရာတွင် အထောက်အကူပစ္စည်းများ လုံလောက်မှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် မဲရုံများတွင် လျှပ်စစ်မီးရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး မဲရုံများ၌ တာဝန်ထမ်းရွက်မည့် ပုဂ္ဂိုလ်များအား မှားယွင်းဆောင်ရွက်မှု မရှိစေရေးအတွက် အစမ်းလေ့ကျင့်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း၊ မဲရုံများတွင် တာဝန်ထမ်းရွက်မည့် ပုဂ္ဂိုလ်များ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများနှင့် ဆွေးနွေး၍ လုပ်ငန်းလိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 

ရိခေါ်ဒါရ်မြို့သည် ရပ်ကွက် နှစ်ခုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်၌ မဲရုံ (၁) ရုံနှင့် မဲဆန္ဒရှင် ဦးရေ ၈၈၅ ဦးနှင့် အမှတ်(၂)ရပ်ကွက်၌ မဲရုံ (၃) ရုံနှင့် မဲဆန္ဒရှင်ဦးရေ ၂၈၈၀  ရှိပြီး မြို့ပေါ်ရပ်ကွက် နှစ်ခု၌ မဲရုံ (၄) ရုံနှင့် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ၃၇၆၅ ဦးရှိကြောင်း သိရသည်။

လာလ်ပက်လောမ် (ပက်ကာ)