ရိခေါ်ဒါရ်မြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရိခေါ်ဒါရ်     ၄  ဇူလိုင် 

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့တွင် ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့က ရိခေါ်ဒါရ်မြို့အုပ်ချုပ်ရေးမှူး ဦးကျင်လမ်းခိုင်နှင့် တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုသို့စစ်ဆေးရာတွင် မြို့တွင်းဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် လမ်းမများ၊ အိမ်ကြားလမ်းများရှိ ရေနုတ်မြောင်း များအား ရေစီးရေလာကောင်းမွန်ရေးနှင့် လမ်းရေရှည်ကြံ့ခိုင်စေရေး၊ ရပ်ကွက်အတွင်းရှိ ကျီဇဲန်းတံတား လမ်းသားနိမ့်ကျမှုအား ပြန်လည်ပြုပြင်ရေး၊ မြို့တွင်းလမ်းများနှင့် ရပ်ကွက်အတွင်း ချိုင့်ခွက်၊ ပေါက်ပြဲနေသည့် လမ်းများအား ပြန်လည်ပြုပြင်ရေး၊ မြို့တွင်းသန့်ရှင်းသာယာလှပရေး စသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရန် ပြောကြားခဲ့သည်။

 

ထို့ပြင် ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက် အမှိုက်စွန့်ပစ်သည့်လမ်းရှိ ရေထုတ်ပြွန်တည်ဆောက်ပြီးစီးမှု၊ အခြေခံပညာ မူလတန်းကျောင်းခွဲ အဆောက်အဦဆောက်လုပ်မှု အခြေအနေများ၊ Seventh Day ဘုရားကျောင်းလမ်းရှိ ကိုယ့်အားကိုယ်ကိုး တံတားဆောက်လုပ်မှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရိခေါ်ဒါရ် (ပြန်/ဆက်)