ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရိခေါ်ဒါရ်  ၁၆   ဧပြီ    

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့ နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်အောင်ဆန်းလင်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များသည် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ထုတ်ဝေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး ဆိုင်ရာ လက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ ရပ်ကွက်အတွင်း ရောဂါကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးလှည့်လည်ဆော်သြခြင်းနှင့် မြို့အဝင်အထွက်နေရာများ၌ လူဝင်ထွက်သွားလာသူများ၏ ကျန်းမာရေးစစ်ဆေးခြင်းကို ဧပြီ ၁၆ ရက်က ဒေသဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ်များနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုတွင် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ထုတ်ဝေသည့်လက်ကမ်းစာစောင်တွင် ရောဂါကြိုတင်ကာကွယ်ရေး နှင့်ပတ်သက်သည့် ကိုဗစ်(၁၉)ရောဂါ လက္ခဏာများ၊ ကူးစက်နိုင်သည့်နည်းလမ်းများ၊ သံသယ ဖြစ်ဖွယ်လက္ခဏာများ၊ ကာကွယ်နိုင်မည့်နည်းလမ်းများနှင့် ကူးစက်ရောဂါတားဆီးနှိမ်နင်းရေး ဆိုင်ရာ ဥပဒေ၊ အမိန့်ညွှန်ကြားချက်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ စသည့်ကဏ္ဍပေါင်းစုံပါဝင်သည့် လက်ကမ်းစာစောင်များကို ရပ်ကွက်ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်ကွက်လူငယ် များထံသို့ ဖြန့်ဝေပေးခြင်း၊ ကိုဗစ်(၁၉)ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ ပြည်သူများသိထား သင့်သည့်အချက်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များကို မြို့ပေါ် ရပ်ကွက် (၂)ခုရှိ လမ်းမကြီးများ၊ အိမ်ကြားလမ်းများ၌ လက်ကိုင်စပီကာဖြင့် အသိပညာပေး ဆော်သြခြင်းနှင့် မြို့အဝင်အထွက်နေရာများ၌ လူဝင်ထွက်သွားလာသူများအား ကျန်းမာရေး အခြေအနေ၊ ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများကို ရဲတပ်ဖွဲ့ဝင်များက PPE ဝတ်စုံ ဝတ်ဆင်လျက် ဆောင်ရွက်ထားကြောင်း သိရသည်။

 “ကမ္ဘာတစ်ဝန်းပြန့်ပွားဖြစ်ပေါ်နေတဲ့ ကိုဗစ်(၁၉) ရောဂါပျံ့နှံ့မှုအပေါ် ပြည်သူများ စိုးရိမ်စိတ်လွန်ကဲမှုမရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ သိထားသင့်တဲ့အချက်များကို စုဆောင်းပြီး လက်ကမ်းစာစောင်ထုတ်ဝေခြင်းဖြင့် လည်းကောင်း၊ လက်ကိုင်စပီကာဖြင့် ရပ်ကွက်အတွင်းလှည့်လည်ဆော်သြခြင်းဖြင့်သော် လည်းကောင်း၊ ကျွန်တော်တို့မြို့မှာ နိုင်ငံခြား မှ ဝင်ရောက်လာသူများ၊ တစ်ခြားဒေသများမှ ဝင်ထွက်သွားလာသူများ စောင့်ကြပ်စစ်ဆေးခြင်းနဲ့ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများမှ ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအနေနဲ့ ဒေသဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ်များနဲ့ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားတာ ဖြစ်တယ်။”ဟု စခန်းမှူး ရဲအုပ်အောင်ဆန်းလင်း ကပြောသည်။

ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးဆိုင်ရာ အသိပညာပေးလှည့်လည်ဆော်သြခြင်း၊ မြို့အဝင်အထွက်များ၌ စောင့်ကြပ်စစ်ဆေးခြင်းနှင့် အခြားကဏ္ဍလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ်များနှင့်ပူးပေါင်းပြီး နေ့စဉ် ဆောင်ရွက်လျက်ရှိပြီး အဆိုပါလုပ်ငန်းများကို သက်ဆိုင်ရာများနှင့်ပူးပေါင်း၍ နေ့စဉ်ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ပက်ကာ (ပြန်/ဆက်)