ရိုမေးနီးယားနိုင်ငံက လာမည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၁၀ သန်း ရရှိမည်

၄   နိုဝင်ဘာ

 

ရိုမေးနီးယားနိုင်ငံက ဥရောပကော်မရှင်မှတစ်ဆင့် လာမည့်နှစ်တွင် ပထမအသုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ ၁၀ သန်း ရရှိမည်ဟု သမ္မတ ကလောက်စ်ယိုဟန်နက်စ်က ပြောကြားသည်။

 

လာမည့်နှစ်နွေဦးရာသီမှစ၍ ရရှိမည့် ဗိုင်းရပ်စ်ကာကွယ်ဆေးများကို ရိုမေးနီးယားနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကူးစက်နိုင်ခြေမြင့်မားသည့် အုပ်စုများကို ပထမဆုံး ထိုးပေးမည်ဟု ၄င်းက ပြောသည်။

 

“ဗိုင်းရပ်စ်ကာကွယ်ဆေးတွေက အကျိုးများပြီး ဘေးအန္တရာယ်ကင်းကာ နိုင်ငံတကာစည်းမျဉ်းတွေအား လုံးကို လေးစားသမှု ရှိစေချင်ပါတယ်” ဟု ၄င်းက သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောသည်။

 

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံစလုံးသို့ ဖြန့်ဖြူးပေးမည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ သန်း ရာနှင့်ချီ၍ဝယ်ယူရန် ဥရောပကော်မရှင်က ဆေးဝါးကုမ္ပဏီများနှင့် စေ့စပ်ညှိနှိုင်းလျက်ရှိသည်။ အမျိုးသားကာကွယ်ဆေး မဟာဗျူဟာများ ရေးဆွဲကြရန် ဥရောပကော်မရှင်က အီးယူအဖွဲ့ဝင် အစိုးရများသို့ ပန်ကြားခဲ့သည်။

 

ရိုမေးနီးယားနိုင်ငံ၌ ယနေ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၇၇၃၃ မှု စံချိန်တင် တွေ့ရှိခဲ့ပြီး သေဆုံးသူ ၁၂၀ ဦးရှိကြောင်း သိရသည်။

 

ဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်နေလင့်ကစား ဒီဇင်ဘာလ ၆ ရက်တွင်ပြုလုပ်မည့် လွှတ်တော်ရွေး ကောက်ပွဲများကို ရွှေ့ဆိုင်းရန်မလိုအပ်ကြောင်း၊ အာဏာပိုင်များက အခြေနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ကလောက်စ်ယိုဟန်နက်စ်က ဆိုသည်။

 

“ကမ္ဘာတစ်ဝန်း ဘာတွေဖြစ်ပျက်နေလဲဆိုတာ ကျွန်တော်တို့ မြင်တွေ့နိုင်ပါတယ်။ ဗိုင်းရပ်စ်ဘေးအသင့်ဆုံး  အမေရိကန်နိုင်ငံမှာတောင် ရွေးကောက်ပွဲကျင်းပနေပါတယ်” ဟု သူက ဆိုသည်။

 

အိမ်နီးချင်း မော်လ်ဒိုဗာနိုင်ငံ၌ နိုဝင်ဘာလ ၁ ရက်က သမ္မတရွေးကောက်ပွဲ ကျင်းပခဲ့ပြီး နိုဝင်ဘာလ ၁၄ ရက်တွင် ဒုတိယအဆင့် ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။

 

ကိုးကား-AFP