ရိုးရာအစဉ်အလာ ဂုဏ်ယူစွာဖြင့်

ကိုဇော်ဌေး(ယဉ်ကျေးမှု)

ထင်းတစ်ချောင်းချင်းကို စုစည်းချည်နှောင်ထားခြင်းဖြင့် ခိုင်မာတောင့်တင်းသော ထင်းစည်းဖြစ်လာ သည်။ အင်အားပြည့်ဝသော စကားလုံးတစ်လုံးချင်းဖြင့် လှပသောစာတစ်ကြောင်းသည် ဖြစ်တည်လာ သည်။ ထိုစာကြောင်းသည် ရေစီးကြောင်းအတွင်း ကန်သင်းနှယ်ရှိသည်။ ကန်သင်းသည် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး အတီးပြိုင်ပွဲမည်စွာဖြင့် ရေစီးအတွင်းမှ တစ်ပါးသော ယဉ်ကျေးမှုများကို ကာဆီးပေးလျက်ရှိသည်။

စကားလုံးများ၏ အင်အားကို စိတ်ဖြာကြည့်မိသည်။

မြန်မာ

မြန်မာဟူသည် ကိုယ့်မင်းကိုယ့်ချင်း ကိုယ့်ထီးကိုယ့်နန်း ကိုယ်ပိုင်ယဉ်ကျေးမှုဖြင့် ကမ္ဘာ့အလယ်၌ ထည်ဝါခံ့ညားစွာ ရပ်တည်ခဲ့သောနိုင်ငံဖြစ်သည်။ မြန်မာဟူသောစကားလုံး၏အဓိပ္ပာယ်ကပင် အနှစ် သာရရှိပြီးသားဖြစ်သည်။ “မြန်”ဟူသည် ရွေ့လျားဆောင်ရွက်မှု သွက်လက်ခြင်း၊ “မာ”ဟူသည် ခိုင်မာ တောင့်တင်း သိပ်သည်းခြင်းဟူ၍ အဓိပ္ပာယ်ရှိရာ အားမာန်အပြည့် စွမ်းဆောင်နိုင်သောလူမျိုးဟု ကောက်ယူရရှိသည်။
မြန်မာဟူသည် “မြန်မာနိုင်ငံတွင် အစဉ်အဆက်နေထိုင်ခဲ့ကြသော တိုင်းရင်းသားများကို ခြုံခေါ်သော အမည်” ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုသည်။ မြန်မာဟူသည့်ဝေါဟာရကို အဦးအစ အစောဆုံးအနေဖြင့် သက္ကရာဇ် ၄၅၂ ခုနှစ် ပုဂံခေတ် (AD-၁၁၉၀) ပြည့်နှစ် အမတ်ကြီး သိင်္ဃသူရေးထိုးခဲ့သည့် ပုဂံမြို့ တောင်ဂူနီကျောက်စာတွင် စတင်တွေ့ရှိရသည်ဟု သုတေသီတို့က ဖော်ပြကြသည်။ ၎င်းတောင်ဂူနီ ကျောက်စာကို ပုဂံမြို့ယဉ်ကျေးမှုပြတိုက်အတွင်း ထိန်းသိမ်းထားရှိပြီး မြန်မာဟူသည့်ဝေါဟာရကို အထင်အရှားရေးထိုးထားကြောင်း တွေ့ရသည်။ ၎င်းကျောက်စာထက် နှစ် ၉၀ လောက်စောသည့် ကျန်စစ်သားမင်းကြီး၏ နန်းတည်ကျောက်စာ (AD- ၁၁၀၂)တွင် မြန်မာကို “မိရမာ” ဟု ရေးထိုးထား သည်ကိုတွေ့ရသည်။ AD- ၁၃၂၄ တွင် ရေးထိုးထားသည့် ရှေးမြန်မာကျောက်စာတွင်မူ “မြံမာ” ဟု ရေးထိုးလာသည်ကို အစောဆုံးတွေ့ရပြီး နောက်ပိုင်းရေးထိုးကြသည့် ကျောက်စာ၊ မင်စာတို့တွင်မူ “မြံမာ” ဟုလည်းကောင်း၊ “မြမ္မာ” ဟုလည်းကောင်း၊ မြန်မာဟုလည်းကောင်း ခေါ်ဝေါ်ရေးထိုးလာကြသည်။ 

ရိုးရာ

ရိုးရာကို “၁၊ မိဘစဉ်ဆက်။ ၂၊ မိဘစဉ်ဆက် ကိုးကွယ်ခဲ့သောနတ်။ ၃၊ မိဘစဉ်ဆက် ကျင့်သုံးခဲ့သော အလေ့အထ” ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးမှုထွန်းကားသော နိုင်ငံဟု ဆိုဝံ့သည်။ ရှေးခေတ်မြန်မာတို့၏ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး စသည်တို့ကို အခြေခံ၍ ပေါ်ပေါက်လာသော ဆယ့်နှစ်လရာသီ ရိုးရာပွဲတော်များသည်လည်း အခိုင်အမာတည်ရှိနေမြဲ ဖြစ်သည်။ အဆိုပါပွဲတော်များကို မြန်မာတို့သည် နှစ်ပေါင်းထောင်ချီ ထိန်းသိမ်းလာခဲ့ကြသည်။ တစ်ခါ တစ်ရံဝယ် လေးနက်စွာဖြင့် ရိုးရာကိုပင် ရိုးရာယဉ်ကျေးမှုဟု တင်စားကြသည်။ သမိုင်းတည်လာသော ရိုးရာကို ခေတ်နှင့်လျော်ညီစွာ ထိန်းသိမ်းရသည်ရှိသလို စွန့်လွှတ်ရသည်လည်း ရှိနိုင်သည်။ 

ယဉ်ကျေးမှု

ယဉ်ကျေးမှုဟူသည် “၁၊ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု။ ၂၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း။ ၃၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်း စသည်” ဟု မြန်မာအဘိဓာန်က ဖွင့်ဆိုသည်။ လူမျိုးတစ်မျိုး၏ မွေးဖွားချိန်မှ သေဆုံးချိန်အထိ ပြုလုပ်သုံးစွဲခဲ့သော ပစ္စည်းများ၊ ထိုလူမျိုးတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ပြောဆိုသည့် ဘာသာစကား၊ လူမှုဆက်ဆံရေးစနစ်၊ အတွေးအခေါ်အယူအဆ၊ ယုံကြည်ကိုးကွယ်မှု၊ အသက်မွေးဝမ်းကျောင်းမှု၊ ရိုးရာဓလေ့ထုံးစံများနှင့် လက်မှုပညာ၊ အနုသုခုမပညာတို့ကို ပေါင်းခြုံခေါ်စပ်ခြင်းပင်ဖြစ်သည်။ ယဉ်ကျေးမှုသည် သဘာဝပတ်ဝန်းကျင်မှ လူကိုယ်တိုင်ဖန်တီးယူသော အစိတ်အပိုင်းတစ်ခုဖြစ်သည်။ လူတစ်မျိုး၏ ဘဝတည်ဆောက်ပျိုးထောင်ပုံ နည်းနာများသာ ဖြစ်သည်။ လူ့ဘောင်အဖွဲ့အစည်းအတွင်း၌ လူတို့ဆက်ဆံနေထိုင်စားသောက် လှုပ်ရှားသည့်ပုံစံသည် လူတို့၏ ယဉ်ကျေးမှုစနစ်ဖြစ်သည်။ ယဉ်ကျေးမှုတွင် အလွန်ကောင်းမွန်သော အနုပညာလက်ရာများ၊ မြင့်မားသောလူနေမှုများ ပါဝင်နေသည်။ ထို့ပြင် လူသားမျိုးနွယ်တစ်ခု၏ အသိပညာ၊ ယုံကြည်မှု၊ အသုံးပြုသောအမှတ်အသားတို့၏ စိတ်ကူးအရည် အသွေးပေါ်မူတည်သည့် လူမှုရေးလေ့လာမှုများ လည်းပါဝင်သည်။ ယဉ်ကျေးမှုသည် လူမှုအဖွဲ့အစည်းတစ်ခု၏ ရည်ရွယ်ချက်၊ သဘောထား၊ တန်ဖိုးများ၊ အစဉ်အလာများ၏ ထူးခြားဝိသေသ လက္ခဏာများဖြင့် သတ်မှတ်ထားမှုတို့ ဖြစ်ကြသည်။

 မြန်မာ့ယဉ်ကျေးမှုသည် မြန်မာ့သမိုင်းဖြစ်သည်။ စားရေး၊ ဝတ်ရေး၊ နေရေးသည် နိုင်ငံရေးဟု ဆိုပါလျှင် ယဉ်ကျေးမှုသည် စားဝတ်နေရေးအားလုံးနှင့် အကျုံးဝင်နေသည်။ ယဉ်ကျေးမှုသည် အမျိုးသားနိုင်ငံရေးဖြစ်၍ အမျိုးသားရေးစရိုက် လက္ခဏာတို့ပါဝင်သော ယဉ်ကျေးမှုပျောက်လျှင် လူမျိုးလည်း ပျောက်မည်သာဖြစ်သည်။ အမျိုးသားရေးစရိုက်လက္ခဏာသည် မွေးရာပါဗီဇမဟုတ်ဘဲ လူမှုရေးအရ မဖြစ်မနေတည်ဆောက်ယူရသောအရာဖြစ်သည်။ လူတစ်ဦး၏ အမျိုးသားရေး လက္ခဏာသည် နိုင်ငံတော်သင်္ကေတများ၊ ဘာသာစကားများ၊ အရောင်များ၊ နိုင်ငံ၏သမိုင်း၊ သွေးချင်း ဆက်နွှယ်မှုများ အစရှိသော လူတို့၏ နေ့စဉ်ဘဝရှိ ဘုံတူညီချက်များမှ တိုက်ရိုက်ဆင်းသက်လာခြင်းပင်ဖြစ်သည်။

အဆို၊ အက၊ အရေး၊ အတီး

အဆို၊ အက၊ အရေး၊ အတီးသည် အနုပညာ ပုံသဏ္ဌာန်တစ်ခုဖြစ်သည်။ အနုပညာသည် စိတ်ကူး မှုပညာဖြစ်၍ တစ်ဖက်တွင် တီထွင်ဆန်းသစ်သည့် ပညာရပ်များလည်း ပါဝင်လာသည်။ တီထွင် ဆန်းသစ်မှုသည် စိတ်ကူးပေါ်၌ မှီသည်ဖြစ်၍ အနုပညာဖြစ်သည်။ အနုပညာတွင် ရသပါသည်။ ရသဟူသည်မှာ စိတ်လှုပ်ရှားခံစားမှုကို ဆိုလိုသည်။ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်တိုင်းတွင် ရသ ရှိသည်။ ရသဟူသည် လွမ်းဆွေးခြင်း၊ ဝမ်းသာခြင်း၊ ထိတ်လန့်ခြင်း၊ ဒေါသဖြစ်ခြင်း၊ အံ့ဩခြင်း၊ ကြည်နူး ခြင်း၊ ရွံရှာဖွယ်ဖြစ်ခြင်း စသည့် လူတို့၏စိတ်လှုပ်ရှားမှု ခံစားချက်များပင်ဖြစ်သည်။ ရသပါအောင် ဖွဲ့နွဲ့ ခြင်းသည် မြန်မာ့အနုပညာ၏ ပြောက်မွမ်းမှုပင် ဖြစ်သည်။ ထိုထိုသောပြောက်မွမ်းမှုများသည် မြန်မာ့ ရေမြေ၊ တောတောင်ဓလေ့ထုံးစံများဖြင့် သင်းထုံနေကြသည်။ စည်းနှင့် ကမ်းနှင့် အကန့်အသတ်ဖြင့် စာပေအလင်္ကာဂုဏ်မြောက်စွာဖြင့် သီကုံးတန်ဆာ ဆင်ထားသည့် အရေးပညာ၊ ထိုပညာကို ရင်မှလာ သောစေတနာဖြင့် ဖော်ပြသည့် အဆိုပညာ၊ အရေး၊ အဆို၊ အကတို့ကို ဂုဏ်တင်ချီးပသည့် အတီးပညာ၊ အဝန်းအဝိုင်းတို့ဖြင့် တြိဘင်္ဂဆန်သော အကပညာ တို့သည် မြန်မာ့ယဉ်ကျေးမှုနှင့်လျော်ညီစွာ အနုပညာ ပုံသဏ္ဌာန်တစ်ရပ်အဖြစ် ရပ်တည်၊ တည်တံ့နေကြသည်။ တည်တံ့လာသည်မှာ နှစ်ပေါင်းထောင်ချီ ရှိပြီးဖြစ်သည်ကိုလည်း ပြောဆိုဝံ့သည်။ ဝင့်ထည်တင့်တယ်သည့် အဆို၊ အက၊ အရေး၊ အတီး ပညာရပ်တို့သည် မြန်မာ့ရိုးရာပင်ဖြစ်သည်။ မြန်မာ့ယဉ်ကျေးမှုပင်ဖြစ်သည်။ မြန်မာ့သမိုင်းပင်ဖြစ်သည်။

ပြိုင်ပွဲ

မြန်မာအဘိဓာန်က “ပြိုင်” ကို ၁၊ ဂုဏ်၊ စွမ်းရည် စသည်ချင်းယှဉ်သည်။ အသာလုသည်။ ၂၊ ယှဉ်လျက်တည်သည်ဟု ဖွင့်ဆိုပြထာပြီး “ပွဲ”ကို ၁၊ ပရိသတ်စုဝေးရာသဘင်။ လူအများ စုဝေးဆင်နွှဲ သော ပျော်ရွှင်မှုအခမ်းအနား၊ ဖြေဖျော်မှုအခမ်းအနား စသည်။ ၂၊ ကန်တော့ပွဲ၊ အမျိုးအမည်စုံစုံ ပြင်ဆင်ခင်းကျင်းထားသောအရာ။ ၃၊ များသောအားဖြင့် ကျွဲနွား စသည်တို့ စုဝေးရောင်းဝယ်ရာဌာန။ စည်း- ကန်တော့ပွဲ၊ ဟင်းပွဲ စသည်ကို ရေတွက်ရာ၌ သုံးသော စကားလုံးဟု တွေ့ရသည်။ ထို့ကြောင့် “ပြိုင်ပွဲ” ကို ယှဉ်လျက်တည်သည့် ပရိသတ်စုဝေးရာ သဘင်ဟု လေးနက်စွာဖော်ကျူးမိသည်။  ယှဉ်လျက်တည်နေသူများသည် ပြည်ထောင်စုသားတိုင်းရင်း သားများပင်ဖြစ်သည်၊ စုဝေးနေသည့် ပရိသတ်တို့ သည်လည်း ပြည်ထောင်စုသား တိုင်းရင်းသားများ ပင်ဖြစ်သည်။ “အတူလေးရယ်နဲ့ ယှဉ်ကာပြိုင်” ဆိုသည့် နတ်ချင်းတစ်ပုဒ်နှယ် အတူတကွ ပျော်ပျော်ပါးပါး ကခုန်ကြသည့် သဘင်ပွဲလမ်းကြီးပင်ဖြစ်သည်။

စကားလုံးများသည် မြန်မာနိုင်ငံအတွင်း စုစည်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ယုံကြည်ကိုးကွယ်ရာဘာသာတရား၊ လိုက်နာကျင့်သုံးကြသည့် ရိုးရာဓလေ့စရိုက်၊ ပြုစုပျိုးထောင် ဖြစ်ထွန်းလာသည့် စာပေသုခုမအနုပညာတို့အပေါ် အခြေတည်ထားပြီး ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်မူများ ဖြင့် ဖြစ်ထွန်းလာသည့် အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာများကို အင်အားအဖြစ် ရည်ညွှန်းနေကြောင်း သိရှိနိုင်မည်ဖြစ်သည်။ အမျိုးသားယဉ်ကျေးမှု၊ အမျိုးသားရေးလက္ခဏာ များမပျောက်ပျက်ဘဲ ရေရှည်တည်တံ့ခိုင်မြဲနေခြင်းဖြင့် မြန်မာလူမျိုးတို့၏ စိတ်ဓာတ်ကြံ့ခိုင်မှု၊ မျိုးချစ် စိတ်ဓာတ်နှင့် ဇာတိသွေးဇာတိမာန် ရင့်ကျက်ခိုင်မာမှု၊ လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝမှုစသည့် ဂုဏ်ဒြပ် တို့ကို ထင်ဟပ်ဖော်ပြနေမည်သာဖြစ်သည်။ လူမျိုးတစ်မျိုး၏ အမျိုးသားရေးလက္ခဏာ ပျောက်ပျက်ပြီး ယဉ်ကျေးမှုပျက်ပြားနေပါက ထိုလူမျိုးတို့၏ ကိုယ်ပိုင်အရည်အသွေး၊ ကိုယ်ပိုင်အတွေးအခေါ်နှင့် ရပ်တည်ချက်များ ပျောက်ဆုံးပြီး ထိုနိုင်ငံကို သွယ်ဝိုက်သောနည်းဖြင့် ဩဇာလွှမ်းမိုးထားသည့် လူမျိုးခြား တစ်ပါးနိုင်ငံ၏ လက်ပါးစေ လက်ဝေခံဘဝ၊ တစ်နည်းဆိုရပါက ဩဇာခံကျွန်ဘဝဖြင့် တစ်ပါးနိုင်ငံ လူမျိုးခြားပြောသမျှ လိုက်နာလုပ်ဆောင် နေကြရတော့မည်ဖြစ်သည်ကို သတိမူ၊ သတိချပ်သင့်သည်။

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းသည် နှစ်ပေါင်းထောင်ချီခဲ့ပြီး နက်နဲသိမ်မွေ့သည့် အနုပညာ၊ ခိုင်မာနက်ရှိုင်းသည့် အမျိုးသားရေးအတွေးအခေါ်တို့ဖြင့် ဖြစ်ထွန်းတည်ရှိခဲ့ပြီး နိုင်ငံတကာနှင့် တန်းတူရည်တူဆက်ဆံနေသည့် နိုင်ငံတော်ဖြစ်သည်ကို ခရစ်နှစ် ၈၀၂ ခုနှစ်တွင် ပျူအနုပညာရှင် ၃၅ ဦးပါဝင်သော အကအဖွဲ့ တရုတ်နိုင်ငံချန်အန်းမြို့သို့ သွားရောက်ခဲ့သည့် မှတ်တမ်းအရ သိနိုင်သည်။ ထိုအဖွဲ့ကို တရုတ်တို့က လှိုက်လှဲစွာ ကြိုဆိုခဲ့သည်။ တရုတ်ဘုရင်ခံ “ဝေကောင်း” သည် ပျူဂီတကို သင်္ကေတဖြင့်လည်းကောင်း၊ ပျူတို့၏ကဟန်ကကွက်နှင့် တူရိယာများကို ရုပ်ပုံများရေးဆွဲ၍လည်းကောင်း မှတ်တမ်းတင်ခဲ့သည်။ ယင်းအကြောင်းကို ထန်မင်းဆက် သမိုင်းသစ်တွင် ဖော်ပြခဲ့ကြသည်။

ပျူဂီတအဖွဲ့ ထန်မင်းဆက် ဧကရာဇ်ထံ သွားရောက်ခြင်းမှာ ရည်ရွယ်ချက်ရှိသည်။ ကြားမှ နန်းစောဘုရင် “ယိမိုယွန်”က မှာကြား၍ သွားရသည်မှန်သော်လည်း ပျူမင်း၏ဆန္ဒကပင် တရုတ်တို့နှင့် တွေ့လိုသည်။ ၎င်းနှင့် နန်းစောတို့ တစ်ခါတစ်ရံ မပြေလည်မှုများရှိသည်ကို အဆင်ပြေစေရန် နန်းစောတို့အပေါ်ဩဇာရှိသော ထန်မင်းဆက် တရုတ်ဘုရင်အား ဖြေရှင်းပေးစေလိုသော သဘော လည်းရှိသည်။ ပျူနှင့် နန်းစောတို့ ဆက်ဆံရေးပြေလည်မှသာ ဘုံရန်သူဖြစ်သော တိဗက်တို့ကို ခုခံ နိုင်မည်ဖြစ်သည်။ ပျူနှင့်တရုတ်တို့ တရားဝင်ဆက်ဆံရေးရရှိလာသည့်နောက်တွင် ပျူတို့အကြောင်းကို တရုတ်တို့ကောင်းစွာနားလည်သွားခဲ့သည်။ အထက်ပါ အထောက်အထားကို လေ့လာကြည့်ခြင်းဖြင့် အနုပညာ တေးဂီတ၊ အဆို၊ အကပညာရပ်များသည် နိုင်ငံအချင်းချင်း ချစ်ကြည်ရေး ပေါင်းကူးရာ၌လည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင် ကြရာတွင်လည်းကောင်း ယဉ်ကျေးမှုအခန်းကဏ္ဍမှ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်ခဲ့သည်ကို တွေ့ရ သည်။ ထိုအချက်ကို သိနားလည်သည့်သူများက မြန်မာ့ယဉ်ကျေးမှုကို နှိမ့်ချဖိနှိပ်ပြီး မြန်မာ့ယဉ်ကျေး မှုအမွေအနှစ်များကို ဖျက်ဆီးရန် တာစူခဲ့ကြသည်။လှိုက်စားရန် ကြိုးပမ်းခဲ့ကြသည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များကို သေးသိမ်အောင် ဖန်တီးခဲ့ကြသည်။ လုပ်ဆောင်မှုသည် အစီအစဉ်ရှိရှိ သက်ရောက် ခဲ့သည်ကိုလည်း မငြင်းဆိုနိုင်သော သက်သေများက သမိုင်းတွင် အထင်အရှားရှိခဲ့သည်။ မျက်မှောက် ကာလတွင်လည်း လူ့အခွင့်အရေးအယူအဆများ သွတ်သွင်းကာ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင် ယဉ်ကျေးမှု မူဟန်တို့ကို ထိပါးပြောဆိုခြင်းများ ရှိနေဆဲဖြစ်သည်။ နားယောင်ခြင်း၊ ပြောစကားကို သက်ဝင်ခြင်းတို့သည် ရင်လေးစရာပင်ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ ခိုင်ခိုင်မာမာ ရပ်တည်နိုင်ခဲ့သည့် မြန်မာ့ယဉ်ကျေးမှုအနုပညာသည် မိမိတို့လက်ထက်ဝယ် မပျောက်မပျက် ဆက်လက်ရှင်သန်ဝေဆာ ပြန့်ပွားနေရန်သည် ယနေ့ မြန်မာနိုင်ငံသားတိုင်း၊ အနုပညာရှင်တိုင်း၊ အနုပညာ ဝါသနာထုံမွမ်းသူတိုင်း ထမ်းရွက်ရမည့် အမျိုးသားရေးတာဝန်ပင်ဖြစ်တော့သည်။


စာပေအင်အား၊ အနုပညာဂုဏ်ဒြပ်တို့နှင့် ပြည့်စုံကုံလုံနေသည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးကို နေပြည်တော်တွင် မိုးလေကင်းလွတ် သီတင်းကျွတ် အခါသမယ၌ ကျင်းပတော့မည်ဖြစ်သည်။ 

ခေတ်အဆက်ဆက် နိုင်ငံတကာနှင့် ကူးလူးဆက်ဆံရင်း မြန်မာ့မူ မြန်မာ့ဟန်ကို မပျက်မယွင်း ထိန်းသိမ်းကာ တီထွင်ကြံဆပြန့်ပွားအောင် ဆောင်ရွက်ခဲ့ကြသည့် အနုပညာရှင်ကြီးများကို စံနမူနာပြ ဦးညွှတ်ရင်း ယဉ်ကျေးမှုခံတပ်ကြီးကို ခိုင်မာသည်ထက် ခိုင်မာအောင် တည်ဆောက် ကြမည်ဟူသော ကောင်းမြတ်သည့် ဆန္ဒမွန်ကို ပြုကာ (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ကြိုဆို လိုက်ရပါတော့သည်။ ။

မှီငြမ်း

၁။    မြန်မာအဘိဓာန်

၂။    မြန်မာ့ဇာတ်သဘင်တစ်ခေတ်ပြောင်းလဲရေး