ရခိုင်အရေး ဝေဖန်မှုများ အလုပ်ဖြင့် သက်သေပြလျှော့ချ

၁၁ ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆင်၏ မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် တစ်ရက်ကြာခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေးမှုများအပြီး၌ လက်ရှိအချိန်တွင် အရေးယူပိတ်ဆို့မှုများက ဘင်္ဂါလီပြဿနာကို ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဟု အတိအလင်း ထုတ်ဖော်ပြောကြားသွားခဲ့သည်။

 

ထို့အပြင် နေရပ်စွန့်ခွာ ထွက်ပြေးသူများအား ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ညှိနှိုင်းဆောင်ရွက်မှုများကို ကြိုဆိုကြောင်း၊ အမေရိကန်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် လူသားချင်းစာနာထောက်ထားမှု အကူအညီအဖြစ် သြဂုတ် ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ၈၇ သန်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း၊ ထပ်မံ၍ အမေရိကန်ဒေါ်လာ ၄၇ သန်းပေးအပ်သွားမည် ဖြစ်သည့်အပြင် အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံနှင့် လက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ထုတ်ပြန်ခဲ့သည်။

 

နိုဝင်ဘာ ၁၄ ရက်ကလည်း (၃၁)ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသည့် ကနေဒါနိုင်ငံဝန်ကြီးချုပ် ဂျပ်စတင်ထရူးဒိုးကလည်း မြန်မာနိုင်ငံမှ ရခိုင်အရေးကိစ္စတွင် လက်ညှိုးထိုး အပြစ်တင်ခြင်း မပြုလုပ်လိုဘဲ အကျိုးသက်ရောက်မှုရှိစေမည့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီများကိုသာ ပေးအပ်သွားမည်ဟု မီဒီယာများကို ပြောခဲ့သေးသည်။

 

ထိုအခြေအနေသည် လက်ရှိအချိန်အထိ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ မြန်မာအစိုးရ၏ ရပ်တည်ဆောင်ရွက်ချက်များ မှန်ကန်ခဲ့သည့်အတွက် နိုင်ငံတကာဖိအားများကို စတင်ကျော်လွှားနိုင်လာသည့် အပြောင်းအလဲဟု ဆိုရမည်ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် အထက်တွင်ဖော်ပြခဲ့သည့် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့အနေဖြင့် ကနဦးကာလများ၌ ရခိုင်အကြမ်းဖက်မှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံကို ပြင်းထန်စွာ ဝေဖန်ခဲ့ကြသောကြောင့် ဖြစ်၏။ ပိုမိုသိသာသော အပြောင်းအလဲမှာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည့် အာဆီယံ ထိပ်သီးအစည်းအဝေး၌ မြန်မာနိုင်ငံမှ ဘင်္ဂါလီအရေးနှင့် ပတ်သက်၍ အထူးတလည် ဆွေးနွေးမှုမပြုခဲ့ခြင်းက သက်သေဖြစ်၏။ ထို့အတွက် နိုင်ငံအချို့မှ ဝေဖန်မှုရှိခဲ့သော်လည်း အကယ်စင်စစ်မူ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့အနေဖြင့် ဝေဖန်ပြစ်တင်မှုများကို အာရုံစိုက်မနေဘဲ မိမိတို့လုပ်သင့်သည့်၊ လုပ်နိုင်သည့်၊ လုပ်ရမည့်ကိစ္စများကို လက်တွေ့ကျကျ လုပ်ဆောင်ခဲ့သည့် အကျိုးရလဒ် ကြောင့်ပင်ဖြစ်သည်ဟု ဆိုရပေလိမ့်မည်။

 

နိုဝင်ဘာ ၁၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိမိနှုတ်ဆိတ်မနေခဲ့ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရခိုင်ပြည်နယ် အကျပ်အတည်းကို ဖြေရှင်းရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်အရေးတွင် နှုတ်ဆိတ်နေခြင်း မဟုတ်ဘဲ အပြောထက် လက်တွေ့လုပ်ဆောင်နေကြောင်း ဖော်ညွှန်းခြင်းဟု ယူဆရပေသည်။ သတိချပ်ရမည်မှာ ရခိုင်အရေးသည် မပြီးဆုံးသေးသော ခရီးရှည်တစ်ခုဖြစ်ကြောင်းကိုပင်။ ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးအတွက် ယခုမှ စလုံးရေ စကြရမည်ဖြစ်၏။

 

အချုပ်ဆိုရသော် ရခိုင်အရေးသည် လက်ရှိအစိုးရအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ခဲ့သော်လည်း စတင်ဖြစ်ပွားခဲ့သည်မှ ယနေ့အချိန်အထိ သက်ဆိုင်ရာအဖွဲ့အစည်းများ စနစ်တကျဖွဲ့စည်း၍ တာဝန်ရှိသူများက အခန်းကဏ္ဍအလိုက် အဆင့်ဆင့် ဆောင်ရွက်လျက်ရှိနေပြီဖြစ်ရာ ရခိုင်အရေးနှင့် ပတ်သက်ပြီး ဖြစ်ရပ်မှန်နှင့် ဆန့်ကျင်သည့် ပြောဆိုဝေဖန်မှုများ လျော့ကျပပျောက်သွားရန် အပြောမဟုတ် အလုပ်ဖြင့် သက်သေပြရန်သာ ဖြစ်ပါကြောင်း သုံးသပ်ရေးသားလိုက်ရပါသည်။