ရခိုင်ဟင်းလျာ … မရွတ်စေ့သုပ်

၁၉ မေ

မရွတ်စေ့ဆိုတာက မရွတ်ခရုရဲ့အဆန်ကို ခေါ်ကြတာဖြစ်ပါတယ်။ မရွတ်ခရုက အချွန်ပုံသ္ဌာန်ရှိတဲ့ခရုဖြစ်ပြီး ဟင်းလျာအပြင် ဟင်းချိုအဖြစ်လည်း ချက်သောက်ကြပါတယ်။ မရွတ်ခရုရဲ့အဆန်ကိုထုတ်ကာ နေလှန်းပြီးလည်း ရောင်းကြလို့ ဈေးတွေမှာ အသင့်ဝယ်လို့ရပါတယ်။ ပင်လယ်ပိုင်းဒေသတွေမှာ တွေ့ရတဲ့ ပင်လယ်စာဟင်းလျာ မရွတ်ခရုဆန်ကို ဟင်းလျာအဖြစ်လည်း ချက်စားကြပေမယ့် သုပ်စားရတဲ့အရသာကို ပိုပြီးကြိုက်နှစ်သက်ကြကြောင်း သိရပါတယ်။

 

088

 

မရွတ်စေ့သုပ်မယ်ဆိုရင် လိုအပ်တာတွေက
- မရွတ်ခရုဆန်
- ဂေါ်ဖီ
- ကြက်သွန်နီ
- ခရမ်းချဉ်သီး
- မျှင်ငါးပိ
- ငရုတ်သီးစိမ်း
- သံပရာသီး
- နံနံပင်စတာတို့ဖြစ်ပါတယ်။

နေလှန်းထားတဲ့ ခရုဆန်အခြောက်ဆိုရင်တော့ ရေစိမ်ပြီးပြုတ်ရပါမယ်။ ခရုဆန်ကို ရေးဆေးတဲ့အခါ သဲစင်အောင် အကြိမ်ကြိမ်အထပ်ထပ်ရေစင်စင် ဆေးဖို့လိုပါမယ်။ ပြီးမှ ငရုတ်သီးစိမ်းကိုပြုတ်ပြီး အရည်ဖျော်ထားပါ။ သုပ်တော့မယ်ဆိုရင် အသင့်ပြင်ထားတဲ့ မရွတ်ခရုဆန်ကို ဂေါ်ဖီနဲ့ကြက်သွန်စိမ်း ပါးပါးလှီးထည့်၊ ခရမ်းချဉ်သီး လှီးထည့်၊ မျှင်ငါးပိကင်နဲ့အနေတော် ငရုတ်ရည် ဆမ်းပြီး၊ သံပရာသီးညှစ် နံနံပင်ကလေးအုပ်ကာ ဖွဖွနယ်ပြီး သုပ်ပါမယ်။

ခရုဆန်ကအသားထူလို့ အသားထဲအချဉ်ဝင်မှ အရသာထူးတာမို့ သံပရာချဉ်ကို များများသုံးကြပါတယ်။ နံနံပင်ရနံ့လေးနဲ့ ချဉ်ချဉ်ငန်ငန်စပ်စပ်သုပ်ထားတဲ့ မရွတ်စေ့သုပ်ကိုစားဖူးသူတိုင်း စွဲမက်သူများပါတယ်။ မရွတ်စေ့သုပ်က ဆီမလိုတဲ့ ပင်လယ်စာဖြစ်တာမို့ ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်း အာဟာရတန်ဖိုးမြင့်မားတဲ့ သဘာဝဟင်းလျာတစ်ခွက်ဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်…။

စံလွင်(ငါးဦးစီး)