ရခိုင်ဟင်းလှော်ချက်

ရခိုင်ဒေသမှာ ရာသီအလိုက်သီးပွင့်တဲ့ ဟင်းသီးဟင်းရွက်တွေ မနည်းမနော ပေါပေါ လောလော ထွက်ရှိပါတယ်။ ချဉ်ပေါင်၊ ကန်စွန်း၊ ကင်ပွန်းချဉ်လို ဒေသမရွေးထွက်တဲ့ ဟင်းရွက်တွေသာမက ဇရစ်၊ ကဒတ်၊ ကောက်ကောက်ညွန့်နဲ့ ဟင်းကပေါင်းသီး၊ ဆင်ခရမ်းသီးတို့လို ထူးထူးခြားခြား ဟင်းရွက် ဟင်းသီး အမျိုးအစား အများအပြားကိုလည်း တွေ့ရပါတယ်။

 

ဟင်းလျာတွေချက်ပြုတ်ရာမှာ ရိုးရာ ဓလေ့အလိုက် ပုံစံတွေကွဲပြားသွားတာမို့ ရခိုင်ချက်၊ မွန်ချက် စသည်ဖြင့် ခေါ်ဝေါ်ကြ သလို ဟင်းအရသာဟာလည်း တစ်မူထူးခြား သွားတာမျိုးတွေ ရှိပါတယ်။ ရခိုင်ဒေသမှာ ဟင်းသီးဟင်းရွက်တွေ ကြော်ကြချက်ကြတဲ့ အခါ ဆီနည်းနည်းနဲ့ အရသာစပ်စပ် ရေခြောက်ခြောက်ကလေး ချက်တာကို ဟင်းလှော်လို့ ခေါ်ကြပါတယ်။

 

ကန်စွန်းရွက်၊ ရုံးပတီသီး၊ ခရမ်းသီး၊ ကောက်ကောက်ညွန့် စတဲ့ အသီးအရွက်တွေ ကိုရောပြီး ဆီနည်းနည်း မျှင်ငါးပိ ကောင်းကောင်းနဲ့ ချဉ်ချဉ်စပ်စပ် အရသာ ပေါ်အောင် ချက်ထားတာကို စားဖူးလို့ လျှာလည်သွားတာကြောင့် ဟင်းလှော် ချက်နည်းကလေးကို မေးကြည့်ပြီး မှတ်သားထားပါတယ်။

 

ဟင်းလှော်ချက်မယ်ဆိုရင် မိမိချက်လိုတဲ့ အသီးအရွက်တွေကိုသင်ပြီး ရေစင်စင်ဆေး ကာ ရေစစ်ထားပါ။ ကြက်သွန်ဖြူ/နီကို ထောင်းထားပါ။ မန်ကျည်းသီးစိမ်းနဲ့ ငရုတ် သီးစိမ်းတို့ကို ဆုံတွင်ထောင်းပြီး ပန်းကန် တစ်လုံးမှာ မျှင်ငါးပိနှင့်အတူရောထည့်ကာ ရေအနည်းငယ်ထည့်ပြီး သမအောင် ဖျော်ထားပါ။ (မန်ကျည်းသီးစိမ်းအစား မရမ်း ပြားနှင့် မန်ကျည်းမှည့်တို့ကို သုံးနိုင်ပါတယ်။) အားလုံးပြီးက ဒယ်အိုးတွင် ဟင်းရွက်များ ထည့်ကာ မီးနည်းနည်းနှင့်လှော်ပါ။ ဟင်းရွက် များသွေ့လာပါက ဆီအနည်းငယ်လောင်းကာ ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီတို့ကိုထည့်၊ ဆား၊ နနွင်းဖြူးပြီး သမအောင်မွှေပါ။ အနံ့ သင်းလာက ဖျော်ထားတဲ့ မျှင်ငါးပိနဲ့ မန်ကျည်း ရည်ထည့်ကာ အရေခြောက်ခြောက်ကလေး ချက်တာပါတဲ့။ ပူပူလောလောချို၊ ချဉ်၊ ငန်၊ စပ် ဟင်းလှော်အရသာက လျှာလည်သွားမဲ့ သဘာဝဟင်းလျာတစ်ခွက်ရယ်လို့ ဆို လောက်ပါတယ်။

 


ရခိုင်အမျိုးသားမိတ်ဆွေတစ်ဦးဖိတ်လို့ရခိုင်အလှူမှာ စားခဲ့ရတဲ့ အမဲသားရေဆီပြန် ချက်၊ လိပ်ကျောက်သ
ားခြောက်လှော်၊ ချဉ်ပေါင်ဖူးဂေါ်ဖီဟင်းချိုနဲ့ ခရမ်းသီး၊ အာလူး၊ ပဲသီးဟင်းလှော် စတဲ့ ရခိုင်အလှူဟင်းလျာ အတွဲအစပ်များကို ဖော်ပြပေးလိုက်ရပါတယ်။ 

 


စံလွင် (ငါးဦးစီး)