ရခိုင်ချက် ချဉ် ၊ ငန် ၊ စပ် ခုံး အာပူသောက်ဆမ်း ဟင်းရည် 

ရခိုင်ပြည်နယ်၌ ချောင်း၊ မြောင်း ပေါများ၍ ခုံးကောင်အမျိုးအစား များစွာရှိနေသည်။ ချောင်းခုံးကို သုပ်စား၍ ကောင်းသလို ဟင်းရည်သောက်ဆမ်း စားရသည်က အရသာပိုရှိသည်။ ချောင်းခုံး၌ အဖြူနှင့် အမည်း နှစ်မျိုးရှိသည်။ ခုံးဖြူက ချဉ်၊ ငန်၊ စပ် ဟင်းရည်သောက် ချက်စားရာ၌ ပိုကောင်းသည်။ ခုံးကို နှစ်ခြိုက်စွာ စားသုံးမှု မြင့်မားလာမှုနှင့်အတူ ခုံးကောင်များကို ဒီရေအဝင်အထွက်ရှိသည့် ချောင်းစပ်မှာ ခြံနှင့်မွေးမြူလာကြသည်။ ရခိုင်ဒေသရှိ ခုံးမွေးမြူနေသူများသည် ခုံးများ၏ သဘာဝကို ကောင်းစွာသိရှိနားလည်ထားကြ၍ ခုံးခြံကို တတ်နိုင်သမျှ သဘာဝအတိုင်းဖြစ်အောင် ဖန်တီးထားကြသည်။

 

ခုံးများသည် အပူဒဏ်ကို မခံနိုင်သောကြောင့် ခုံးကောင်မွေးမြူရေးခြံများ၌ အုန်းလက်နှင့် အပေါ်မှအုပ်၍ ကာထားကြရသည်။ ခုံးကောင်များ နုန်းတူးပြီး ထွက်မသွား နိုင်ရန် မွေးမည့်နေရာကို ခြံခတ်၊ မြေကြီး တူးပြီး ပျဉ်ကာထားရသည်။ ခုံးကောင်များကို အစာကျွေးစရာမလိုဘဲ သဘာဝအတိုင်း ထား၍ရသောကြောင့် ရခိုင်ဒေသ၌ ခုံးကောင်မွေးမြူသူများ များပြားလာသည်။ ခုံးခြံတစ်ခု၌ ကောင်ရေသိန်းချီ မွေးမြူထားကြသည်။ ရခိုင်ဒေသ အခေါ်အဝေါ် အရ နုန်းခုံး (ခ)ချောင်းခုံးဟု ခေါ်ကြသည်။

 

ယနေ့အချိန်တွင် ရခိုင်ပြည်နယ်ရှိ ချောင်း များ၌ ခုံးများ တဖြည်းဖြည်း ရှားပါးလာနေ သည်။ စာရေးသူတို့ ငယ်စဉ်အခါက ကျောင်းပိတ်ရက်များ၌ ရွာ၏ချောင်းငယ်ရှိ ရေကျချိန် ရေကူးရင်း ခုံးစမ်းကြသည်။ ခါးလောက်ရှိသည့် ရေ၌ ခြေထောက်နှင့် လိုက်စမ်း၍ ခြေထောက်နှင့် ခုံးစမ်းမိလျှင် ကောက်ကြခြင်း ဖြစ်သည်။ ရေငန်ဖြစ်၍ မျက်စိစပ်သဖြင့် အကြာကြီး မငုပ်နိုင်သော် လည်း ခုံးကောင် တစ်ရာနီးပါး ရရှိတတ်သည်။

 

ချောင်းထဲမှ ရရှိလာသော ခုံးကို အိုးတွင်ထည့်၍ မီးဖို၌ ရေဆူပွက်လာအောင် အပူပေးခြင်းသည် အပူရှိန်ကြောင့် ခုံးကောင် ၏ အခွံများကွာဟသွားရန်ဖြစ်သည်။ ခုံးခွံများ ဟသွားလျှင် မီးဖိုထဲမှ ချနိုင်သည်။ အခွံခွာပြီး လျှင် ရေအေးဖြင့် ပြန်ဆေးရသည်။ ခုံး၏အခွံကို ကွမ်းစားရန် ထုံးဖုတ်၍ရနိုင်သည်။

 

ခုံးသောက်ဆမ်းဟင်းရည် ချက်ရန် နနွင်းမှုန့်နှင့် ထောင်းထားသော ငရုတ်သီး ခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း တို့ကို ဆီသတ်ရသည်။ ငရုတ်ကောင်းနှင့် စပါးလင်ကိုထောင်းပြီး ထည့်ဖြစ်အောင် ထည့်ရသည်။ ဆီအနံ့ပျောက်အောင် အဖုံးအုပ်ထားရသည်။ ရေထည့်ပြီးနောက် ဆူပွက်လာလျှင် ငါးပိဖျော်ထားသော အရည်နှင့် ခုံးများကို ထည့်ရသည်။ မန်ကျည်း မှည့် ဖျော်ထည့်ပြီး အစပ်တည့်အောင် ဆား ကို နည်းနည်းပိုထည့်ရသည်။ ခဏနေလျှင် မီးဖိုထဲမှ အိုးကိုချပြီး ရှမ်းနံနံသို့မဟုတ် ပင်စိမ်းရွက်ကို အပေါ်မှ အုပ်ထားရသည်။ အပူရှိန်ကြောင့် ရှမ်းနံနံအရွက်(သို့မဟုတ်) ပင်စိမ်းရွက် ညှိုးသွားပြီဆိုလျှင် ရခိုင်ချက် ချဉ်၊ ငန် ၊ စပ် ခုံးအာပူသောက်ဆမ်းဟင်းရည် တစ်ပွဲရရှိပြီး စားသုံးနိုင်ပြီ ဖြစ်သည်။

 

အောင်ကြည်မိုး(စစ်တွေ)

 

52877906_20