ရခိုင်လူမျိုးတို့ အမြတ်တနိုးတီးခတ်ကြသည့် စည်နှစ်မျိုး

ရခိုင် ၈ မတ်

 

ယဉ်ကျေးမှုသည် နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး၏ အလွန်တရာစည်းစနစ်ကျသော အထိန်းအကွပ်တစ်ခုဖြစ်သကဲ့သို့ အဖိုးမဖြတ်နိုင်သည့် အမွေအနှစ်တစ်ခုလည်း ဖြစ်သည်။ ရခိုင်သမိုင်း၌ ဓညဝတီ၊ ဝေသာလီ၊ လေးမြို့၊မြောက်ဦး စသော ခေတ်ကြီးလေးခေတ်အနက် မြောက်ဦးခေတ်သည် စာပေယဉ်ကျေးမှု အထွန်းကားဆုံးကာလဖြစ်ပြီး ရခိုင်တို့၏’နှလုံးသည်းပွတ်’ ဟူ၍ပင် သုတေသီများက တင်စားသုံးနှုန်းကြသည်။

 

ယဉ်ကျေးမှုအရာ၌ အဆင့်အတန်းမြင့်မားခဲ့သော ရခိုင်တို့၏ ယဉ်ကျေးမှုကို လေ့လာမည်ဆိုလျှင် တူရိယာပစ္စည်းများသည်လည်းမေ့မထားအပ်သော ကဏ္ဍတစ်ခုပင်ဖြစ်သည်။ ရခိုင်လူမျိုးတို့သည် အခမ်းအနား၊ ပွဲလမ်းသဘင်၊ မင်္ဂလာပွဲ၊ အမင်္ဂလာပွဲနှင့် လူမှုရေးဆိုင်ရာပွဲအမျိုးမျိုးတို့၌ သူ့နေရာနှင့်သူ စည်ကိုတီးခတ်ကြသည်။ ရခိုင်တွင် စည် ၂၅ ပါးရှိရာစည်အမျိုးမျိုးရှိသည့် အားလျော်စွာ စည်သံမှာလည်း အမျိုးမျိုးရှိသည်။ ရခိုင်အသံဖြင့် ပန်းတျင်း-ပန်းကျင်း-ပန်းကျားဟူ၍ ပြောင်းရွှေ့ခေါ်ဆိုလာသော ပန်းကျားခေါ် စည်တစ်မျိုးလည်း အပါအဝင်ဖြစ်သည်။ ပန်းတျားဟုလည်း ခေါ်တွင်ကြသည်။ ပန်းတျားသည်ရခိုင်လူမျိုးတို့ အမြတ်တနိုးတီးခတ်ကြသည့် စည်အရှည်ကြီးတစ်မျိုး ဖြစ်သည်။ နတ်ပန်းတျားနှင့် သမက်တက်ပန်းတျားဟူ၍ပန်းတျားစည် နှစ်မျိုးရှိကြောင်း ဦးစက္ကိန္ဒနှင့် မာန်အောင်ပီယ တို့ရေးသားပြုစုသော ရခိုင်ယဉ်ကျေးမှုများမှ ပန်းတျားစည်အကြောင်းနှင့်ပတ်သက်သည်များကို လေ့လာသိရှိရသည်။

 

နတ်ပန်းတျား၏ အတိုင်အရှည်မှာအလျား နှစ်တောင်နှင့် ထိပ်ဝအချင်း တောင်ဆုတ်ခန့်ရှိသည်။ စည်၏လုံးပတ်မှာ ညီမျှပြီးတစ်ဖြောင့်တည်းဖြစ်သည်။ ဆိတ်သားရေဖြင့် ကြက်ရသည်။ ပတ်စာတင်ရန်အတွက် ကောက်ညှင်း၊ မြေနီမှုန့်၊ သဇင်ဥ၊ ငှက်ပျောသီးတို့ကို ရောကြိတ်ပြီးလျှင် မျက်နှာပြင်အနားနှစ်လက်မခန့်ချန်၍ တစ်ပြင်လုံးအပြည့် တင်ရသည်။ သိုင်းကြိုးမှာ လွန်းကြိုးခန့်ရှိသော ကြိုးလုံးငယ်သုံးလုံး၊ ခုနစ်လုံးတို့ဖြင့် အဖျားတွင် ဘူးပွင့်ငယ်များပုံဖော်၍ ပြုလုပ်ရသည်။ နတ်ပန်းတျားကို လွှမ်းသောအဝတ်မှာ အဝတ်ဖြူတွင် အနီစင်းအနားသတ်ကို အသုံးပြုရသည်။

 

သမက်တက်ပန်းတျား အတိုင်းအရှည်မှာအလျား နှစ်တောင်၊ ထိပ်ဝအချင်း တစ်ထွာနှင့် လက်လေးလုံး၊ အလယ်လုံးပတ် နှစ်တောင်ခန့်၊ ခတ်ကျောက်သီး (ကျေးသားတုတ်ခတ်ကစားသော ကျေးသားခတ်စရာအလုံး) ပုံသဏ္ဌာန်ကို ပိတောက်သားဖြင့် ပြုလုပ်ရသည်။ ဆိတ်သားရေ သို့မဟုတ် နွားသားရေနှင့် ကြက်ရသည်။ အလွန်မာသော ပတ်စာတို့ဖြင့်ကပ်၍ တီးရသည်။ ယင်းပန်းတျားတွင် ‘စောင်ဘက်’နှင့် ‘ဗြိန်းဘက်’ဟူ၍ ရှိသည်။ စောင်ဘက်ကို လက်ဖြင့်တီးခတ်၍ အသံဖော်ရပြီး ဗြိန်းဘက်ကို ဆင်စွယ် သို့မဟုတ် တုတ်နှင့်တီးခတ်၍ အသံဖော်ရသည်။ ဆိတ်သားရေ သို့မဟုတ် နွားသားရေတစ်မျိုးတည်းနှင့် ကြက်ရသည်။ ဗြိန်းဘက်ကို အထူကြက်၍ စောင်ဘက်ကို အပါးကြက်ရကြောင်း ကွဲပြားခြားနားချက်ကို သိရှိမှတ်သားရသည်။ ယင်းပန်းတျားကို လွှမ်းသောအဝတ်မှာ အဖြူနောက်ခံတွင် အစိမ်းအနားကွပ်၍ဖြစ်စေ၊ အစိမ်းနောက်ခံတွင် အဖြူရောင်အနားကွပ်၍ဖြစ်စေ အသုံးပြုကြသည်။

 

“ကျွန်းမြတ်ကေမဟာ ဇမ္ဗူချာ ရက္ခပူရပြည်ဓညလေး...၊ ဓညဝတီမော်ကွန်းချီ ဌာနီညှိနှိုင်း ငါရို့တိုင်း၊ မစောင့်မိစ္ဆာ၊ ဖုတ် ဗြိတ္တာ ဝီးစွာပယ်ခွင်း၊ သျှင်နတ်မင်းလေး...၊ ပါပလူမျိုး စက်ရောင်ညှိုးအောင် တန်ခိုးလွှတ်ပါ နတ်ရာဇာလေး..။”

 

ရခိုင်လူမျိုးတို့၏ သမိုင်းတင်ခေတ်နောက်ပိုင်းတွင် နတ်ကိုးကွယ်မှုစတင်ခဲ့သည်ဟု ရခိုင်ညွှန်ဖူး-၁ ဆောင်းပါးပါ အကြောင်းအရာများအရ သိရသည်။ ရခိုင်ဇာတိဝံသမော်ကွန်းစာတွင်လည်း မိုးဦးနှင့် မိုးနှောင်းကာလတို့တွင် အိမ်သျှင်မ၊ ရွာသျှင်မ၊ ချောင်းသျှင်မ၊ ပြည်သျှင်မတို့ကို ပူဇော်ပသရန်အတွက် နတ်ပွဲများပြုလုပ်သည့် အလေ့အထရှိခဲ့ကြောင်းကို လေ့လာသိရှိရသည်။ ဒေဝတာဗလိပူဇော်ပသခြင်းနှင့် နတ်ကနားပွဲတို့တွင် နတ်ပန်းတျားကို တီးခတ်ကြသည်။ ရှေးခေတ်မင်းများလက်ထက်ကပင် ရခိုင်တို့သည် ပန်းတျားအနုပညာကို အမြတ်တနိုးထားခဲ့ကြခြင်း၊ ပန်းတျားဆရာငပင်၏ ပန်းတျားအနုပညာကို တလေးတစားသင်ယူခဲ့ကြခြင်း၊ ဘုရင်မင်းမြတ်တို့ကလည်း ဆုလာဘ်ထောမနာများနှင့် ချီးမြှင့်မြှောက်စားခဲ့ခြင်းတို့ကို ဆရာငပင်၏ အတ္ထုပ္ပတ္တိမှတ်တမ်းတွင် လေ့လာခွင့်ရခဲ့သည်။

 

ပြည်ရွာအေးချမ်းသာယာအောင် စောင့်ရှောက်စေဖို့၊ ကျန်းမာစေဖို့၊ ချမ်းသာစေဖို့၊ ရာသီဥတုကောင်းမွန်စေရေး၊ အစာရိက္ခာ ကောင်းမွန်ပေါများစေရေးတို့အတွက် နတ်ကနားပွဲဆင်၍ ပူဇော်ပသရာတွင် ပတ်ဆရာတို့က နတ်ပန်းတျားကို လည်ပင်းတွင်လွယ်ကာ တီးကြသည်။ ပြိုင်လောင်းနိုင်ရန်၊ဇာတ်ကပွဲများဖြစ်မြောက်စေရေးတို့အတွက် ရွာသျှင်မကို ပျော်ပွဲဆက်၍ အနိုင်ရရှိပါစေ၊ ကောင်းမွန်စွာအထမြောက်အောင်မြင်ပါစေ စသဖြင့် ဆုတောင်းမှုများ ပြုလုပ်လေ့ရှိကြသည်။

 

နတ်ကိုးကွယ်ခြင်းကိုအခြေခံ၍ ဖြစ်ပေါ်လာသော နတ်ပန်းတျား၏ တီးဟန်၊ ကဟန်၊ တီးကွက်နှင့် ပန်းတျားချင်း စသည့် အနုပညာရပ်များမှာ စိတ်ဝင်စားဖွယ်ကောင်းပြီး လူကိုမြူးြွကစေ၍ လူတို့၏စိတ်ကို ဆွဲဆောင်နိုင်သော အနုပညာတစ်ရပ်ဖြစ်သည်။ နတ်ကနားပွဲဆင်နွှဲသောအခါ နတ်တို့၏ အကြောင်းအရာကိုလိုက်၍ သီးကုံးထားသော နတ်သံချပ်၊ ပန်းတျားချင်း၊ နတ်ယိုင်းသံတို့အလိုက် တီးခတ်ကြရသည်။ ရခိုင်တွင် ပျောက်လုနီးပါးဖြစ်နေသော ယဉ်ကျေးမှုများအနက် နတ်ပန်းတျား တီးကွက်၊ တီးဟန်၊ ကဟန်နှင့် ပန်းတျားချင်းတို့သည်လည်း ပျောက်လုနီးပါးဖြစ်နေကြောင်း ရခိုင်သုတစာပေမှ သိရသည်။

 

ရခိုင်ရိုးရာ မင်္ဂလာဆောင်လက်ထပ်ထိမ်းမြားပွဲဖြစ်သည့် သမက်တက်ပွဲတွင် တီးခတ်သော စည်တစ်မျိုးကို သမက်တက်ပန်းတျားဟု ခေါ်ဝေါ်ကြသည်။ အဆိုပါပန်းတျားကို တီးခတ်သူတို့သည် ပန်းနုရောင်ခေါင်းပေါင်းနှင့် အဖြူ၊ အဝါ၊ အနီ၊ အစိမ်းစသည်ဖြင့် တစ်ဆင်တည်း ဝတ်ဆင်ကြရသည်။ အင်္ကျီမှာ ဝန်ကြီးအင်္ကျီပုံ အစိမ်းနားဘေးသတ် ခြေသလုံးထိ အရှည်ဖြစ်သည်။ လက်မှာလက်ရှည်လက်ဖားဖြစ်သည်။ လုံချည်မှာ ကြက်သွေးရောင်း၊ အစိမ်းရောင်ကိုးတောင်ပိုင်း နံလျားရှည် အဝတ်အထည်ဖြစ်သည်။ ခေါင်းပေါင်းအရှည်မှာ သုံးတောင်ပေါင်းပြီး အစွန်းကို နောက်မှ ညှပ်ထားရသည်။ တီးခတ်သူအားလုံး ဆင်တူဝတ်ကြရသည်။
မင်္ဂလာပွဲကျင်းပသူတို့၏ ဆင်းရဲချမ်းသာကိုလိုက်၍ စည် ငါးလုံး၊ ခုနစ်လုံး၊ ကိုးလုံး၊ ၁၁ လုံး စသဖြင့် တီးကြရသည်။ ရှေ့မှ ဆော်စည်ဖြင့် စဖွင့်လိုက်လျှင် နောက်ရှိစည်တို့က နှစ်ဖက်ဖွင့်ပြီးတီးရသည်။ တီးကွက်မှာ ဇမ္ဗူသပြေရွက် လေခတ်သံနှင့် ဇမ္ဗူသပြေရွက်လှုပ်ရှားသံအတိုင်း ဖြစ်သည်။ စောင့်တီး၊ ချိန်းတီးမျိုးဖြစ်၍ အနှေးတီးပင်ဖြစ်ရာ လမ်းလျှောက်လျှင် ခြေလှမ်းကို ကြည့်၍တီးရသည်။ သမက်တက်ပွဲတွင် လိုက်ပါကြသော အမျိုးသမီးများ ရှေ့ခြေလှမ်းကို ကြည့်၍ တီးရသည်။ သမက်တက်ပွဲတွင် လိုက်ပါကြသော အမျိုးသမီးများရှေ့ခြေလှမ်းနှင့်လှမ်း၍ ဘယ်ညာလိုက်အောင် တီးရသည်။ ပန်းတျား၏အသံအတက်အကျမှာ ခြေလှမ်းအချအဝင်အဆင်ပြေလှသဖြင့် ရခိုင်အမျိုးသမီးများ လွန်စွာနှစ်သက်ကြကြောင်း သိရသည်။

 

စစ်တွေမြို့တွင် ၁၉၇၀ ခုနှစ်ဝန်းကျင်က သမက်တက်ပွဲများ၌ ပန်းတျားတီးခတ်လေ့ရှိခဲ့ပြီး ဘောင်းဒွတ်တီးဝိုင်း(ယခု-စိုင်းဒြားတီးဝိုင်း)မှ ပန်းတျားကို တီးခတ်ခဲ့ကြောင်း မှတ်သားသိရှိရသည်။

 

လက်ဆင့်ကမ်းသယ်ဆောင်လာသည့် ရိုးရာယဉ်ကျေးမှုတူရိယာအချို့မှာ  သုံးပြုမှုနည်းပါးလာသည်နှင့်အမျှ ပျောက်ကွယ်သွားနိုင်သည်။ ထို့ကြောင့် မိမိတို့၏ယဉ်ကျေးမှုများ မှေးမှိန်မသွားရအောင် ပြန်လည်တူဖော်ရင်း သစ်လွင်လာအောင် ဆောင်ရွက်သင့်သည်။ ယဉ်ကျေးမှုဆိုင်ရာ တူရိယာများကို ပြန်လည်ဖော်ထုတ်ရာတွင် လူမှုရေးဆိုင်ရာ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ၊ ပွဲလမ်းသဘင်တို့နှင့် တွဲဖက်ဖော်ထုတ်အသုံးပြုခြင်းသည်လည်း အလွန်ထိရောက်သော နည်းလမ်းတစ်ခုဖြစ်ပေသည်။ တိမ်မြုပ်ပျောက်ကွယ်လုနီးဖြစ်နေကြသော ယဉ်ကျေးမှုများကို ပြန်လည်ဖော်ထုတ်နိုင်မှသာ အဖိုးအနဂ္ဃထိုက်တန်သော အမွေအနှစ်တို့ကို ရရှိမည်ဖြစ်သည်။

 

မာမာစိုး (ကြေးမုံ)