ရခိုင်ပြည်နယ် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အစည်းအဝေးကျင်းပ

စစ်တွေ ၂၀ ဇူလိုင်  

 

ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီတွင် ရခိုင်ပြည်နယ်ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ၂၀၁၇ ခုနှစ်တွင် ပြည်ထောင်စုလွှတ်တော်မှ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဥပဒေကို ပြဌာန်းထားပြီးဖြစ်ကြောင်း၊ ထို့ကြောင့်ဥပဒေနှင့်အညီ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကို ကာကွယ်စောင့်ရှောက်ရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့သိုစောင့်ရှောက်ရန်အတွက် အခြေခံစာရင်းဇယားများပြုစုရမည်ဖြစ်ကြောင်း၊ သို့မှသာစာရင်းဇယားများကိုအခြေခံပြီး မည်သို့ထိန်းသိမ်းစောင့်ရှောက်ရမည်ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စာရင်းဇယားများနှင့် ပတ်သက်ပြီးသက်ဆိုင်ရာ ယဉ်ကျေးမှုဌာနမှ ပြုစုထားပြီးဖြစ်သော်လည်း မပြည့်စုံမှုများ ရှိနိုင်သည့်အတွက် ပညာရှင်များကိုခေါ်ယူ၍ ဖြည့်စွက်ရေးသွင်းနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် လက်လှမ်းမီသမျှ ကူညီဆောင်ရွက်ပေးကြရန်နှင့် နောင်တွင် မြို့နယ်အလိုက် ဒြပ်မဲ့ယဉ်ကျေးမှုများ ကျယ်ကျယ်ပြန့်ပြန့် ပြုစုဆောင်ရွက်နိုင်ရန် ကော်မတီများဖွဲ့စည်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။ 

 

ထို့နောက် ပြည်နယ်အဆင့်ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းမြှင့်တင်ရေးကော်မတီ အတွင်းရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မြောက်ဦးဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ဒြပ်မဲ့ယဉ်ကျေးမှုဆိုင်ရာများအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးတင်ပြသည်။ 

 

ယင်းနောက် ကော်မတီဥက္ကဌ ပြည်နယ်ဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များကရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ စစ်တွေဌာနခွဲနှင့် မြောက်ဦးဌာနခွဲတို့မှ ပြုစုဆောင်ရွက်ပြီး ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းများတွင် ဖြည့်စွက်ထည့်သွင်းဆောင်ရွက်ရမည့် အမည်စာရင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)