ရခိုင်ပြည်နယ် မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များ အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ

 မောင်တော     ၂၀  စက်တင်ဘာ

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ  ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များအား  စက်တင်ဘာ ၁၉ ရက် ညနေပိုင်း က မြို့ပေါ် ရပ်ကွက်များအတွင်း အသံ ချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။

 

ယခုအခါ ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အားလုံးတွင် နေထိုင်သည့် ပြည်သူများအနေဖြင့် နေအိမ်တွင် နေထိုင် ရေး STAY AT HOME အစီအစဉ်တွင် အကျိုးဝင်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားပြီး ဖြစ်သဖြင့် မောင်တောမြို့အတွင်းရှိ ပြည်သူများအနေဖြင့်  အချက်(၆) ချက်ကို လိုက်နာဆောင်ရွက်ကြရန်နှင့်  အခြားအရေးပေါ် ကိစ္စရပ်များအတွက် သွားလာရန်ရှိပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့သို့ သတင်းပေးပို့၍ ခွင့်ပြုချက်၊ ထောက်ခံချက်များဖြင့် သွားလာရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိဘဲ၊ ထောက်ခံချက်မပါရှိဘဲ၊ မလိုအပ်ဘဲ  နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ လူစုလူဝေး ပြုလုပ်ခြင်းများ စစ်ဆေး တွေ့ရှိပါက တည်ဆဲ ဉပဒေ များအရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိလိုက်နာ နိုင်ရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံ ကြေညာခဲ့ကြသည်။

 

၎င်းအပြင် ပြည်သူများ အနေဖြင့် အိမ်ပြင်ထွက်ပါက နှာခေါင်းစည်း Mask များ စနစ်တကျ တင်ဆင်ပြီးမှ နေအိမ်ပြင်ပသို့ထွက်ရန်နှင့် လိုက်နာမှုမရှိသူများကို ဒဏ်ငွေပေးဆောင်စေခြင်း ၊ ဝန်ခံကတိ ရေးသွင်းခြင်းနှင့်   မြို့နယ်အတွင်း အသိပညာပေး လုပ်ငန်းများကို တာဝန်ရှိသူများက အဆက်မပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

 

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)