ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြား ၄ သိန်းကျော် ဖမ်းဆီးရမိ

နေပြည်တော် ၁၁ ဇွန် 


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဇွန် ၉ ရက်က စိတ်ကြွဆေးပြား ၃၉၉၅၅၀ နှင့် ဇွန် ၁၀ ရက်တွင် စိတ်ကြွဆေးပြား ၁၉၅၀ဝ ၊  နှစ်ရက်အတွင်း စုစုပေါင်း စိတ်ကြွ ဆေးပြား ၄၁၉၀၅၀ ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


မောင်တောမြို့နယ် ခရေမြိုင်ကျေးရွာအနီး မောင်တော-အငူမော် ကားလမ်းဘေးရှိ ရခိုင်မျိုးစောင့်အုပ်စု (Arakan Rakkhita Group-ARG) စိုက်ပျိုးရေးခြံရှိ ၎င်းအဖွဲ့ပိုင် စက်ပစ္စည်းများထားသည့် အဆောက်အဦအား ဇွန် ၉ ရက်က သတင်းအရ ဝင်ရောက်ရှာဖွေရာ ခြံတာဝန်ခံ ဟန်စိုးနှင့် အလုပ်သမားကြီးကြပ် ချစ်နေဝင်းတို့(၂) ဦးအား တွေ့ရှိပြီး အဆောက်အဦအတွင်းရှိ UPG အိမ်သုတ် ဆေးပုံးခွံ (၆)ပုံးအတွင်း ထည့်ထားသည့် WY/R စာတမ်းပါစိတ်ကြွဆေးပြား (၃၉၉၅၅၀)  (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုးငွေကျပ် ၇၉၉၁ သိန်း)နှင့် ဆိုင်ကယ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း။


ကွင်းဆက်ဖော်ထုတ်ချက်အရ မြောက်ဦးမြို့နယ်နေဝင်းထွန်း၊ ဖိုးသန်းနှင့် ညီလေး(ခ)ညွန့်လွင်(ခ)ကိုညီတို့(၃)ဦးအား ထပ်မံဖမ်းဆီးရမိပြီး သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများကို ၎င်းတို့က စစ်တွေမြို့မှတစ်ဆင့် သယ်ဆောင်လာခြင်း ဖြစ်ကြောင်း။


ကွင်းဆက်တရားခံ ထပ်မံဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ရာ စိုက်ပျိုးရေးခြံပိုင်ရှင် ဦးဘအေး (ခ)ခိုင်ထူးအား ဇွန်(၁၀) ရက်တွင် မြောက်ဦးမြို့၌ ဖမ်းဆီးရမိခဲ့ပြီး ကနဦး စစ်ဆေးချက်များအရ ၎င်းသည် ၂၀၁၄ ခုနှစ်ခန့်က မောင်တောမြို့နယ် ကင်းချောင်း ကျေးရွာနှင့် ဗောဓိကုန်းကျေးရွာကြား မေယုတောင်ခြေတွင် ARG (ရခိုင်မျိုးစောင့်အုပ်စု) အား စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်ခန့်မှစ၍ အဆိုပါအဖွဲ့၏ ဥက္ကဌအဖြစ်ဆောင် ရွက် ခဲ့ပြီး အဖွဲ့ဝင်ဦးရေ ၂၆၀ ဦးခန့်ရှိကြောင်း၊ မြောက်ဦးမြို့၌လည်း ARG (ရခိုင်မျိုးစောင့်အုပ်စု)အား တည်ထောင်ထားကြောင်း သိရှိရပြီး ကွင်းဆက်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။


ထို့အတူ ဇွန် ၁၀ ရက် ညနေ(၅)နာရီခွဲခန့်တွင် မောင်တောမြို့နယ်နယ်မြေ(၆) ကျီးကန်းပြင် စစ်ဆေးရေးဂိတ်၌ မောင်တောမြို့မှ ငန်းချောင်းကျေးရွာဘက်သို့ မောင်တောမြို့နယ် ငန်းချောင်းကျေးရွာနေ မူဟာမတ်အိစ္စမိုက်   မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၁၉၅၀ဝ (၁ ပြားလျှင် ၂၀ဝ၀ ကျပ်နှုန်းဖြင့် တန်ဖိုးကျပ် ၃၉၀ သိန်း)နှင့် ဖုန်း(၁)လုံးတို့အား ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးများအား မောင်တောမြို့၊ (၃)ရပ်ကွက်နေ  အမျိုးသား ၁ ဦး (စိစစ်ဆဲ)ထံမှ ပြန်လည်ရောင်းချရန် ဝယ်ယူခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဖြူနယ်မြေရဲစခန်း မယ(ပ)၂၄/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်စစ်ဆေးပြီး ကွင်းဆက်တရားခံ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

 

(သတင်းစဉ်)