ရခိုင်ပြည်နယ် မြို့တော်စစ်တွေ နွေရာသီ ရေအခက်အခဲမရှိစေရေး ဘယ်လိုဆောင်ရွက်သွားမှာလဲ

၈ မေ

သင်္ကြန်လွန်ပြီးနောက်ပိုင်းတွင် စစ်တွေမြို့ ရပ်ကွက်အချို့ ၌ ရေပုံမှန်မလာမှု ၊ အချို့ရပ်ကွက်များတွင် ရေပေးချိန်လျှော့ချ မှု၊ အချို့ရပ်ကွက်များ၌ ရေသယ်ယာဉ် (Boxer) များဖြင့် ရေဖြန့်ဝေနေရမှု၊ ဌာနဆိုင်ရာလိုင်းခန်းများတွင် ရေအခက်အခဲ ရှိနေမှု စသည့်အသံများကို ကြားနေရသည်။ ထို့အပြင် စစ်တွေ မြို့တော်၏ အဓိကရေပေးဝေရာဖြစ်သော ကန်တော်ကြီး၌ ရေခန်းခြောက်နေမှုဓာတ်ပုံများ၊ ရေတုံကင်များကို အသုံးပြု၍ အဝီစိတွင်းများမှ ရေငင်နေကြသော ဓာတ်ပုံများ၊ ရေပြတ်လပ်မှာကို စိုးရိမ်နေကြသောအသံများ၊ ပုံမှန်ရေမရ၍ စောဒက တက်သံများစသည့် ရေနှင့်ပတ်သက်မှုများသည် လူမှုကွန်ရက် သတင်းစာမျက်နှာ၌ ပြန့်ကြဲနေသည်။

စစ်တွေမြို့သည်ပြည်နယ်၏ အဓိက ရုံးစိုက်ရာမြို့ဖြစ်ခြင်း၊ အဓိကကုန်စည်ဖြန့်ဖြူးရာ နေရာဖြစ်ခြင်း၊ ဟိုတယ်များ၊ ဧည့်ဂေဟာများရှိခြင်း၊ နွေရာသီဖြစ်၍ လူအများခရီးသွားလာမှု များပြားခြင်းတို့ကြောင့် မြို့လူထုအပြင် အနယ်နယ် အရပ်ရပ်မှ ဧည့်သည်များ နေ့စဉ်နှင့်အမျှ ဝင်ထွက်သွားလာမှုရှိသည်။ အပူချိန်ပြင်းထန်မှုကြောင့် ရေကန်များ၌ ရေခန်းခြောက်လာခြင်း၊ မြေအောက်ရေများ လျော့နည်းလာခြင်းတို့သည် ရေ အခက်အခဲကို ဖြစ်စေသော အကြောင်းများဖြစ်သည်။

စစ်တွေမြို့ကို နွေရာသီ ရေအခက်အခဲမဖြစ်စေရေးအတွက် မည်သို့မည်ပုံဆောင်ရွက်ထားသည့် အခြေအနေများကို ပြည်သူများ သိရှိအောင်တင်ပြလို၍ စာရေးသူအနေဖြင့် စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးအား သွားရောက်တွေ့ဆုံ မေးမြန်းထားသည်-

မေး ။ ။ မင်္ဂလာပါဆရာ၊ ခုတစ်လော စစ်တွေမြို့ ရေပေးဝေမှုနဲ့ သက်ဆိုင်တဲ့ သတင်းတွေက မြေပြင်အခြေအနေမှာရော၊ လူမှုကွန်ရက်တွေမှာပါ ပြန့်ကျဲနေပါတယ်၊ တကယ်ရေအခက်အခဲ ဖြစ်သွားနိုင်ပါသလား။

ဖြေ ။ ။ ရေအခက်အခဲ မဖြစ်နိုင်ပါ။ မဖြစ်အောင်လည်း ကျွန်တော်တို့ စည်ပင်သာယာရေးအဖွဲ့က ကြိုးစား ဆောင်ရွက်ပေးနေပါတယ်။

မေး ။ ။ စစ်တွေမြို့ နွေရာသီ ရေအခက်အခဲမရှိစေရေး ဘယ်လိုဆောင်ရွက်သွားမှာလဲ ဆရာ။

ဖြေ ။ ။ စစ်တွေမြို့ကို ရေပေးဝေနေတဲ့ အဓိက ရေကန်ကတော့ ကန်တော်ကြီးပါ။ ဒါပေမယ့် ဒီကန်နဲ့ မလုံလောက်ပါဘူး။ အရန်ကန် ငါးကန်ရှိပါသေးတယ်။ ကန်တော်ကြီးအနီးနားမှာပါပဲ။ ကန်တော်လေး၊ တြိဂံကန်၊ တိုးချဲ့ကန်၊ မထသကန်၊ အဓိဋ္ဌာန်ကန်စတဲ့ နာမည်တွေနဲ့ ခေါ်နေကြတဲ့ ကန်တွေပါ။ ကန်တော်ကြီးကတော့ ဧက ၁၀ဝ ကျော်ရှိပါတယ်။ ရေအမြင့် ၄၄ ပေ အထိ သိုလှောင်နိုင်ပါတယ်။ ဒါပေမယ့် နှစ်တိုင်း ၄၄ ပေအထိ မရောက်ပါဘူး။ သုံးနှစ်တစ်ကြိမ်လောက်ပဲ ပြည့်ပါတယ်။ ပြီးခဲ့တဲ့ မိုးကုန်အထိတော့ ၄၁ ပေလောက်ပဲ သိုလှောင်နိုင်ခဲ့ပါတယ်။ နောက်ပြီး ဆတ်ရိုးကျချောင်း တစ်ဖက် ကမ်းမှာရှိတဲ့ ဗျိုင်းဖြူကန်၊ ဆတ်ရိုးကျမြေသားရေလှောင် ကန်အမှတ် ၂ တို့လည်း ရှိပါသေးတယ်။ ကျွန်တော်တို့အနေနဲ့ မိုးတွင်း ကာလတွေ၊ ဆောင်းတွင်းကာလတွေမှာဆိုရင် တစ်နေ့ကို ရေဂါလန် ၁ ဒသမ ၂ သန်းခန့်ပေးပါတယ်။ နွေရာသီကာလ တွေမှာတော့ တစ်နေ့ကို ဂါလန် ရှစ်သိန်းခန့်ပဲပေးပါတယ်။ ဒါကလည်း နွေရာသီ ကာလတစ်လျှောက်လုံး ရေရရှိနိုင်အောင်ရယ်၊ မိုးရွာနောက်ကျရင် ရေအခက်အခဲမဖြစ်ရအောင်အတွက် တွက်ချက်ပြီးတော့ ပေးတာပါ။ ကန်တော်ကြီး ရေပေးစနစ်ကလည်း အင်္ဂလိပ်လက်ထက်ကတည်းက ပြုလုပ်ခဲ့တဲ့စနစ်ပါ။ အပေါ်ကနေ အောက်ကို စီးကျတဲ့စနစ်ဆိုတော့ ကန်တော်ကြီးမှာ ရေခန်းလာရင် ရေဖိအားနည်းလာပါတယ်။ ဒါဆို ရေစီးဆင်းမှု လျော့လာတော့ တချို့နေရာတွေဆီ ရေရောက်ရှိမှု နည်းလာပါတယ်။ ဒါတွေကို ဖြည့်ဆည်းတဲ့အနေနဲ့ စစ်တွေမြို့တွင်းကို ပိုက်သွယ်ထားတဲ့ ကန်တော်ကြီးသို့ အရန်ကန်တွေက ရေတွေကို စုတဲ့အနေနဲ့ စက်အားကိုသုံးပြီး ရေတွန်းပို့ပေးနေရပါတယ်။ ကန်တော်ကြီးရေကတော့ ရပ်ကွက်အများစုကို ပေးပါတယ်၊ ဗျိုင်းဖြူရေလှောင်ကန်ကတော့ ရွာကြီးတောင်၊ ရွာကြီးမြောက်၊ ရွှေပြား၊ လမ်းမတော်မြောက်၊ အုန်းတပင်၊ ဆင်ကူးလမ်း ရပ်ကွက်တွေကို ပေးပါတယ်။

မေး ။ ။ ရေဘောက်ဆာတွေနဲ့သယ်ပြီးတော့ ရေပေးဝေနေရ တဲ့နေရာတွေ၊ ရပ်ကွက်တွေရှိတယ်လို့ သိရပါတယ်၊ ဒါတွေကို ဘယ်လိုစီစဉ်ပြီး ပေးပါသလဲ။

ဖြေ ။ ။ ဘောက်ဆာတွေနဲ့ ရေဖြန့်ဝေရတဲ့ နေရာတွေက အနည်းငယ်ပါပဲ။ ရေပေးဝေနေပေမယ့် ရေမရောက် ရှိနိုင်တဲ့နေရာတွေပါ။ အဲဒီနေရာတွေမှာ ရေလုံလုံ လောက်လောက်ရနိုင်အောင်လို့ ဖြည့်ဆည်းပေးတာပါ။ မီးသတ်ဌာန ကလည်း ရေသယ်ယာဉ်တွေ အကူပေးတာရှိပါတယ်။ ဓညဝတီ (က)၊ ရွှေပြား အလယ်လမ်း၊ မင်းဂံ၊ သာဇံလှလမ်း၊ စစ်ကဲလမ်း တွေလောက်ပဲ ပေးရပါသေးတယ်။

မေး ။ ။ စစ်တွေမြို့ ရေအရင်းအမြစ်အစုအဖွဲ့ရဲ့ ရေသိုလှောင် နိုင်မှုပမာဏကို သိပါရစေ။

ဖြေ ။ ။ စစ်တွေမြို့ ရေအရင်းအမြစ်အစုအဖွဲ့ရဲ့ ရေသိုလှောင်နိုင်မှုတွေကတော့ ကန်တော်ကြီးက ၁၁၆ ဒသမ ၃၆ ဧကရှိပြီးတော့ ရေသိုလှောင်နိုင်မှုက ၄၈၁ ဒသမ ၁၀ ဂါလန် သန်းဖြစ်ပါတယ်။ အရန်ကန်တွေကတော့ ၆၄ ဒသမ ၃၅ ဧက ရှိပြီးတော့ ရေသိုလှောင်နိုင်မှုက ၂၁၁ ဒသမ ၉၆ ဂါလန်သန်း ရှိပါတယ်။ နောက်ပြီး ရွာကြီးမြောက်ရပ်ကွက်မှာ ဟင်္သာကန်ဆိုတာ ရှိတယ်။ ဒီကန်ကတော့ မြေအောက်ရေလည်း ထွက်ပါတယ်။ ခိုင်ခင်ဦးကန်လည်း ရှိတယ်။ ဒါက မိုးရေ သိုလှာင်ရတဲ့ ကန်တွေပါ။ မြေအောက်ရေကို အသုံးပြုလို့ရတဲ့ ရေတွင်းတွေလည်းရှိတယ်။ ဦးဥတ္တမပန်းခြံမှာ နှစ်တွင်း။ မေယုလမ်း ဝန်ထမ်းအိမ်ရာမှာ နှစ်တွင်းရှိတယ်။ နောက်ပြီးတော့ စစ်တွေမြို့မှာ နေရာတိုင်းလိုလို အဝီစိတွင်းရေတူးလို့ ရတာ ရှိပါတယ်။ ဒါကြောင့် စစ်တွေမြို့က ရေအရင်းအမြစ်စုံတဲ့ နေရာတစ်ခုဆိုရင် မမှားပါဘူး။

မေး ။ ။ ဒီနှစ်နွေရာသီ ရေအခက်အခဲ အဖြစ်နိုင်ဘူးဆိုတာ သေချာတာပေါ့ဆရာ။

ဖြေ ။ ။ ကျွန်တော်တို့ သိုလှောင်ထားတဲ့ ရေပမာဏနဲ့ ဆိုရင်တော့ မဖြစ်နိုင်ပါဘူး။ ကန်တော်ကြီးမှာလည်း ရေ ၂၅ ပေလောက်ရှိပါ သေးတယ်။ အရန်ကန်တွေက ရေတွေကိုလည်း စုပေးနေတယ်။ ခုက မေလဆန်းနေပါပြီ၊ ရခိုင်ဒေသရဲ့ သဘောအရ မေလအလယ်လောက်ကျရင် မိုးရွာတတ်ပါတယ်။ တစ်ခါတစ်ခါ မုန်တိုင်းတွေပေါ်လာရင် ဒီထက် တောင်စောပြီး ရတတ်ပါတယ်။ နောက်နှစ်ပတ်၊ နှစ်ပတ်ကျော် လောက်အထိပဲ မိုးကို စောင့်ရမယ်ထင်ပါတယ်။ တကယ် လို့များ မေလကုန်အောင်အထိ မိုးမရွာရင်လည်း ရေကတော့ ရှိပါတယ်။ ပြည်သူတွေကသာ စနစ်တကျ အသုံးပြုစေချင်ပါ တယ်။ ရေတွေကို အလဟဿမဖြစ်စေဖို့လုပ်ပေးပါလို့ တိုက်တွန်းပါတယ်။ စစ်တွေမြို့လက်ရှိ လူဦးရေက အရင်ထက် အများကြီးတိုးလာပါပြီ။ ဒါကြောင့် အားလုံးရေရရှိနိုင်အောင် အခက်အခဲမဖြစ်အောင် ဆောင်ရွက်ပေးသွားမှာပါ။ ။

လေးဝတီထွန်းစောခိုင်