ရခိုင်ပြည်နယ်အရေးမှာတင် မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့တိုင်းရင်းသားတွေကို ကူညီဖို့တာဝန်ရှိတယ်လို့ ခံယူထားပါတယ်

ဒါရိုက်တာ မောင်မျိုးမင်း

 

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှင်းဆီရင်ခွင် လူမှုကူညီရေး ဖောင်ဒေးရှင်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းကော်မတီထံ အလှူငွေများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဧပြီ ၅ ရက် နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန၌ ကျင်းပရာ အဆိုပါ ဖောင်ဒေးရှင်းအဖွဲ့ဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်။

 

ကျွန်တော်ကတော့ မြန်မာနိုင်ငံရဲ့ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်ပေါ့၊ နာဂစ်ဖြစ်တယ်၊ ရေကြီးတယ် စသည်ဖြင့် အဲဒီလိုအခြေအနေမျိုးတွေမှာ နှင်းဆီအဖွဲ့ ပွဲကပြီးရရှိတဲ့ ရန်ပုံငွေတွေကို အမြဲတမ်းလှူဒါန်းပါတယ်။ အဲဒီလိုပဲ ပညာရေး၊ ကျန်းမာရေး စတဲ့ လိုအပ်တဲ့နေရာတွေမှာလည်း လိုအပ်သလို လှူဒါန်းပါတယ်။ ကျွန်တော်တို့ ဒီနှင်းဆီကို တည်ထောင်တာ ၁၀ နှစ်ရှိပါပြီ။ အခုဆိုရင် ၁၀ နှစ်ကျော်တဲ့ကာလကို ရောက်လာပါပြီ။ အဲဒီလောက်ထိ ကျွန်တော်တို့ ရှည်ကြာလာခဲ့ခြင်းဟာ ကျွန်တော်တို့ရဲ့ ညီညွတ်ခြင်းတစ်ခုလို့ ပြောလို့ရပါတယ်။ အခု ဒီအလှူဟာလည်း ကျွန်တော်တို့ကို ဘယ်သူမှတိုက်တွန်းတာမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင် ဒါကို လှူသင့်တယ်လို့ထင်လို့ လှူဒါန်းခြင်းဖြစ်ပါတယ်။

 

တကယ်တော့ ကျွန်တော်တို့က ရခိုင်ပြည်နယ်အရေးမှာတင် မဟုတ်ပါဘူး။ မြန်မာပြည်ရဲ့ ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့တိုင်းရင်းသားတွေကို ကူညီဖို့တာဝန်ရှိတယ်လို့ ခံယူထားပါတယ်။ ဒီအတွက်ကြောင့် အတတ်နိုင်ဆုံး ကျွန်တော်တို့ လုပ်နိုင်တာကို လုပ်သွားရမှာပါ။ ဘယ်သူရဲ့ တိုက်တွန်းမှု၊ ဘယ်သူရဲ့ ဆော်ဩမှုမှမပါဘဲ လုပ်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ မဖြစ်မနေ အကူအညီတောင်းလို့ လုပ်ရတဲ့အခါလည်း ရှိပါတယ်။ ကျွန်တော်တို့ လုပ်တဲ့အခါမှာ နောက်ကနေ ကူညီပေးတာကတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးပါပဲ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးကနေ ကျွန်တော်တို့ကိုကူညီပေးတယ်။ ဒီနှစ်ဆိုရင် အကယ်ဒမီအတွက် မအားမလပ်ဖြစ်နေတဲ့ အချိန်မှာ ကျွန်တော်တို့က အမျိုးသမီးရေးရာအတွက်၊ မကြာသေးခင်က ရင်ခွင်မဲ့ကလေးတွေအတွက် အမေစုရဲ့ပန်းချီကားကို လေလံတင်ခဲ့ပါတယ်။

 

ကျွန်တော်တို့ပဲ လေလံတင်ပေးခဲ့တာပါ။ အခုလည်း အမေစုကို ပန်းချီဦးမျိုးမြင့်ရေးတဲ့ ပန်းချီကားတစ်ကားကို လက်ဆောင်ပေးဖြစ်တယ်။ အားချင်း၊ ညတွင်းချင်း ပူဆာပြီးတော့ ရေးဆွဲခိုင်းခဲ့ပါတယ်။ အဲဒီပန်းချီကားလေးကို အမေစုကို လက်ဆောင်ပေးဖြစ်တဲ့အတွက် ဝမ်းသာပါတယ်။ အဲဒီပန်းချီကားလေးက အမေ့ကို သံမဏိနှင်းဆီလို့ အားလုံးက တင်စားကြသလို နှင်းဆီဆိုတာကလည်း ကျွန်တော်တို့ရဲ့ အမှတ်တံဆိပ်တစ်ခုပါပဲ။ အဲဒီတော့ အမေ့ရဲ့ခေါင်းမှာ နှင်းဆီပန်းလေး သုံးပွင့်ပန်ထားပါတယ်။ အဲဒါ ကတော့ ကျွန်တော်တို့ရဲ့ ပြည်သူတွေ၊ နိုင်ငံတော်ရယ်၊ တရားဥပဒေရယ် အဲဒီ သုံးခုကို အမေက အမြဲတမ်းပန်ဆင်ထားတယ်လို့ အဓိပ္ပာယ်ဖွင့်ဆိုချင်ပါတယ်။

 

အဲဒီထဲမှာ မျက်နှာဘေးစောင်းလေး ဆွဲထားတယ်။ ဆွဲထားတဲ့အချိန်မှာ အမေမှန်း သိရုံပါပဲ။ ဒါပေမယ့် အမေ့ရဲ့အပြုံးမှာ မျှော်လင့်ချက်တွေ ရှိနေတယ်။ အမေ့ရဲ့ နှုတ်ခမ်းမှာ တိကျပြတ်သားမှုတွေ မြင်နေရတယ်။ နှုတ်ခမ်းတစ်စွန်းတစ်စနဲ့ မျက်လုံးတစ်စွန်းတစ်စလေးပဲ ပေါ်ပါတယ်။ အမေမှန်းသိပါတယ်။ အဓိကက ပန်ထားတဲ့ နှင်းဆီပါပဲ။ ဘာပဲပြောပြော နှင်းဆီဆိုပြီး အမေက ချစ်သလို နှင်းဆီကလည်း အမေ့ကို ကျွန်တော်တို့က ချစ်တဲ့အထိမ်းအမှတ်လို့ အဓိပ္ပာယ်ရပါတယ်။ အဲဒီပန်းချီကားလေးကို အမေ့ကို လက်ဆောင်အဖြစ်ပေးလိုက်ရတာ တော်တော်လေး ကြည်နူးပါတယ်။ နောက်နောင်လည်း ကျွန်တော်တို့ ဒီနိုင်ငံရဲ့ ဘယ်လိုအခြေအနေမျိုးပဲ ကြုံလာကြုံလာ လိုအပ်တဲ့ နေရာကနေ ကျွန်တော်တို့ ပံ့ပိုးသွားဖို့ အဆင်သင့်ပါပဲ။ အခုလို ပံ့ပိုးလှူဒါန်းသွားတဲ့ဟာက ကျွန်တော်တို့ရဲ့ အလှူတွေတင်မဟုတ်ပါဘူး။ ကျွန်တော်တို့နဲ့အတူ အနုပညာရှင်တွေ၊ ဒီနှင်းဆီအဖွဲ့မှာ ပါဝင်တဲ့ အနုပညာရှင်တွေရော၊ ပြီးရင် ဒီအနုပညာရှင်တွေကို အားပေးတဲ့ပရိသတ်တွေရဲ့ အလှူပါ။ ကျွန်တော်တို့ကို အားပေးတဲ့ပရိသတ်တွေဟာ ပွဲကြည့်ပြီး ကျေနပ်ရုံတင် မဟုတ်ပါဘူး။ သူတို့အတွက် နောင်ဘဝအတွက်ပါမယ့် ကုသိုလ်တွေ ကျွန်တော်တို့ အတူတကွ ယူပေးလိုက်နိုင်တာပါ။ ကျွန်တော်တို့ချစ်တဲ့ ပရိသတ်တွေနဲ့ နောင်သံသရာမှာ ရေစက်ဆုံပြီး ပြန်တွေ့ကြရမှာပါ။ အားလုံးကိုလည်း ကျွန်တော်တို့ ပြုသမျှကုသိုလ်တွေအတွက် အမျှပေးဝေပါတယ်။ သာဓုခေါ်နိုင်ကြပါစေလို့ ဆုတောင်းပါတယ်။

 

တွေ့ဆုံ မေးမြန်း - မင်းမင်းဇော် (ကလေး)