ရခိုင်ပြည်နယ်အတွင်းမှ ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ တို့ဖတ်နမူနာများအား ရန်ကုန်မြို့သို့ ပို့ဆောင်သည့် WHO ပိုင် မော်တော်ယာဉ်အား မင်းပြားမြို့နယ်၌ ULA/AA အကြမ်းဖက်အဖွဲ့ က လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် အရပ်သားဝန်ထမ်းနှစ်ဉီး ဒဏ်ရာများရရှိ

နေပြည်တော် ၂၀ ဧပြီ 

 

ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား ရန်ကုန်မြို့သို့ ပို့ဆောင်ရန် ထွက်ခွာလာသည့် WHO ပိုင် UN တံဆိပ်ပါ  မော်တော်ယာဉ်အား ယနေ့တွင် မင်းပြားမြို့နယ်၌ ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့်  အရပ်သားဝန်ထမ်းနှစ်ဉီး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ စစ်တွေမြို့တွင် လေကြောင်းခရီးစဉ်များ ရပ်နားထားသဖြင့် ကိုဗစ် - ၁၉ ရောဂါ စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ် နမူနာများအား  ရန်ကုန်မြို့ရှိ အမျိုးသားဓာတ် ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် စစ်တွေမြို့မှ နံနက် ၈ နာရီ ထွက်ခွာလာသည့် WHO ခန့်ဝန်ထမ်း အရပ်သား ယာဉ်မောင်း ဉီးပြည့်စုံဝင်းမောင် မောင်းနှင်ပြီး အရပ်သားဝန်ထမ်း ကျန်းမာရေးကြီးကြပ် (၂) ဉီး အောင်မျိုးဉီး လိုက်ပါလာသည့် WHO မှ ဒေသဆိုင်ရာ ပိုလီယိုအရာရှိ ၏ WHO ပိုင်  UN ( 5 / 34)   မော်တော်ယာဉ်အား မင်းပြားမြို့နယ် ရာမောင်တံတားအလွန် ရာမောင်ဇက်ဆိပ်အနီး၌ ညနေ ၅ နာရီခန့်တွင် ULA/AA အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်း။

 

ထို့သို့ပစ်ခတ်မှုကြောင့် ယာဉ်မောင်း ဉီးပြည့်စုံဝင်းမောင် ၏ ဘယ်ဘက်တင်ပါး ဖောက်ဝင် ဒဏ်ရာတစ်ချက်နှင့် ယာဘက်တတောင်ဆစ် စုတ်ပြတ်ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ကျန်းမာရေးကြီးကြပ် (၂) ဉီးအောင်မျိုးဉီး ၏ ယာဘက်လက်ဝါးစုတ်ပြတ်ဒဏ်ရာ တစ်ချက် (လက်မ ပြတ်ခါနီး) ဒဏ်ရာများ ရရှိခဲ့သဖြင့် မင်းရွာ ကျေးလက်ကျန်းမာရေးဌာနမှတစ်ဆင့် မင်းပြားပြည့်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးလျက်ရှိကြောင်း၊ WHO ပိုင်မော်တော်ယာဉ်မှာ  ပစ်ခတ်ခံရသည့်နေရာ မြောင်းထဲကျကျန်ခဲ့သဖြင့် ဧပြီ ၂၁ ရက်တွင် သွားရာက်ယူဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

တစ်ကမ္ဘာလုံးက Coronavirus Disease 2019 (COVID – 19)   ရောဂါ ကာကွယ် ၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ အလေးထားတိုက်ဖျက်ဆောင်ရွက်နေချိန်တွင် ULA/AA အကြမ်းဖက်အဖွဲ့က  ရန်ကုန်မြို့ရှိ အမျိုးသားဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ပို့ဆောင်ရန် သွားရောက်သည့် United Nation (UN) တံဆိပ်ပါ WHO မော်တော်ယာဉ်အား ယခုကဲ့သို့ ပစ်ခတ်တိုက်ခိုက်ခြင်းမှာ လူသားမဆန်သည့် အကြမ်းဖက်လုပ်ရပ်သာဖြစ်ကြောင်း  ဝေဖန်ထောက်ပြပြောဆိုနေကြသည်။  

 

(သတင်းစဉ်)