ရခိုင်ပြည်နယ်၌ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအမှတ်စာရင်းများကိုစတင်ထုတ်ပေး

စစ်တွေ ၉ ဇွန်

ရခိုင်ပြည်နယ် ၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအမှတ်စာရင်းများကို စစ်တွေမြို့ အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၉ ရက် နံနက်ပိုင်းမှစတင် ထုတ်ပေးလျှက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်၊ရှုံးအမှတ် စာရင်းများကို စတင်ထုတ်ပေးလျက်ရှိရာ စစ်တွေခရိုင်နှင့် မောင်တောခရိုင်တို့၌ ဇွန်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအတွင်း ထုတ်ပေးလျက်ရှိသည်။ ထို့အပြင် ဇွန်လ ၁၂ ရက်နေ့တွင် ကျောက်တော်မြို့နယ်၊ ၁၃ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ ၁၅ ရက်နေ့တွင် အမ်းမြို့နယ်နှင့် ၁၆ ရက်နေ့တွင် သံတွဲမြို့နယ်တို့တွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှသိရသည်။

ယခင်နှစ်များက အမှတ်စာရင်းများကိုသိရှိနိုင်ရန် စောင့်ဆိုင်းခဲ့ရသော်လည်း ယခုအခါ အမှတ်စာရင်းများကို တစ်ပတ်အတွင်းရရှိသည့်အတွက် အလုပ်ခွင်ဝင်ရောက်ရန်နှင့် တက္ကသိုလ်တစ်ခုခုကိုလျှောက်ထားနိုင်ရန် များစွာအကျိုးရှိပြီး ကျရှုံးကျောင်းသား၊ကျောင်းသူများ အတွက်လည်း ဖြည့်စွက်ကြိုးစားရမည့် ဘာသာရပ်များအတွက် အထောက်အကူပြုမည်ဖြစ် ကြောင်း အမှတ်စာရင်းလာရောက်ထုတ်ယူသူ မမျိုးမြစံကပြောသည်။

တင်ထွန်း(ပြန်/ဆက်)