ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ကြသူများအား ပညာရည်ချွန်ဆုချီးမြှင့်

စစ်တွေ  ၈ ဇွန်

 

ရခိုင်ပြည်နယ် စစ်တွေခရိုင်အတွင်း မြို့နယ်များရှိ စာစစ်ဌာနများမှ ၂၀၁၈ ခုနှစ်၊ တက္ကသိုလ် ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ပညာရည်ချွန် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင်  စစ်တွေမြို့ ဦးဥတ္တမခန်းမ၌ ကျင်းပပြုလုပ်သည်။

 

 

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူကလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဂုဏ်ပြု ဖွင့်လှစ်ကြပြီး ရခိုင်ပြည်နယ်ဝ န်ကြီးချုပ် ဦးညီပုနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့က အဖွင့်အမှာစကား ပြောကြားကြသည်။ ယင်းနောက် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူး ဦးအောင်သန်းမြင့်က တက္ကသိုလ်ဝင်စာမေးပွဲ ထူးချွန်ဆုချီးမြှင့် ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနှင့်ဇနီးတို့က ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ကြသူ ၁၃ ဦး အားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်ကနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာတို့က ၅ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ ၂၀ ဦး တို့အားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်တို့က ၄ ဘာသာ နှင့် ၃ ဘာသာဂုဏ်ထူးဖြင့် အောင်မြင်ကြသူများ အားလည်းကောင်း ဆုများပေးအပ်ချီမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်လူမှုရေးဝန်ကြီး၏ ဇနီးက နှစ်ဘာသာနှင့် တစ်ဘာသာဂုဏ်ထူး ရရှိကြသောသူများ အားလည်းကောင်း၊ စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဝင်းနိုင်က ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ပြီး အမှတ်အများဆုံး ရရှိကြသူများအားလည်းကောင်း၊ ကွန်ပျူတာ တက္ကသိုလ် ကျောင်းအုပ်ကြီး ဒေါက်တာ ဇော်ထွန်းက အောင်ချက် အကောင်းဆုံးကျောင်း၊ လူမှုရေးဝန်ကြီးက ဂုဏ်ထူးရှင်များ ထွက်ပေါ်လာအောင် ကူညီသင်ကြားပြသပေးသော စစ်တွေတက္ကသိုလ်၊ ဘာသာစုံ ဂုဏ်ထူးရှင် ပေါ်ထွက်ခဲ့သော ကျောင်းများနှင့် ဘာသာစုံဂုဏ်ထူးရရှိ အောင်သင်ကြားပြသပေးသော ဆရာ၊ ဆရာမများအား ပြည်နယ်အဆင့် ဌာနဆိုင်ရာများကလည်းကောင်း ဆုများပေးအပ် ချီးမြှင့်ပေးအပ်ကြသည်။ ထို့နောက် ဂုဏ်ထူးရရှိသူများကိုယ်စား ဘာသာစုံဂုဏ်ထူးရှင် မအေးပြည့်ဖြိုး က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
 

ယနေ့ရခိုင်ပြည်နယ် ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဘာသာစုံဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ် ၂၀ သိန်း၊ ၅ ဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ် ၁၅ သိန်း၊ ၄ ဘာသာဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ် ၈ သိန်း၊ ၃ ဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ် လေးသိန်း၊ နှစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင် ကျပ်တစ်သိန်းနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် တစ်ဦးလျှင် ငါးသောင်းကျပ်စီ ပေးအပ် ချီးမြှင့်ခဲ့သည်။ စစ်တွေခရိုင်အတွင်း မြို့နယ်များရှိ စာစစ်ဌာနများမှ ဘာသာစုံ ဂုဏ်ထူးရှင် ၁၃ ဦး ၅ ဘာသာဂုဏ်ထူးရှင်၂၀ ဦး ၄ ဘာသာဂုဏ်ထူးရှင်၂၃ ဦး ၃ ဘာသာဂုဏ်ထူးရှင် ၃၃ ဦး ၂ ဘာသာဂုဏ်ထူးရှင် ၆၆ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင်၂၂၃ ဦး ထွက်ရှိကြောင်း သိရသည်။
 

တင်ထွန်း(ပြန်/ဆက်)