ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးတွင် အရေးပါသည့် တံတားငါးစင်းဖွင့်ပြီ

ဘူးသီးတောင် ၁  ဧပြီ 

 

ရခိုင်ပြည်နယ်ရှိ ပြည်သူများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးတွင် များစွာအရေးပါလှသည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့ကိုဆက်သွယ်ထားသည့် ချောင်းကူး တံတားငါးစင်းကိုယနေ့ နံနက်ပိုင်းကစတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

 

အဆိုပါ တံတားငါးစင်းမှာစိုင်းဒင်တံတားပေ ၆၀ဝ၊ ရွာဟောင်းတံတားပေ ၂၈၀၊ ငစံပေါ်တံတားပေ ၂၁၀၊ သောင်းဒရားတံတားပေ ၅၀ဝ နှင့်ရသေ့တောင်တံတားပေ ၈၈၀ တို့ ဖြစ်ကာတံတားအမျိုးအစားများမှာ သံကူကွန်ကရစ်တံတားအမျိုးအစားများနှင့် ဘေလီတံတားအမျိုးအစားများဖြစ်ပြီးဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဍားကျွန်းကားလမ်းပေါ်၌ တည်ဆောက်ထားကြောင်း သိရသည်။

 

စိုင်းဒင်တံတားဖွင့်လှစ်ခဲ့မှုနှင့်ပတ်သက်၍ ဖုံညိုလိပ်ကျေးရွာမှ ဦးမောင်သန်းလှိုင်က “အခုလိုတံတားကြီး ဖွင့်လှစ် ပေးတဲ့အတွက် ဝမ်းသာပါတယ်။ ဒီလိုတံတားကြီး ဖြစ်လာလိမ့်မယ်လို့လည်းမထင်ထားပါဘူး။ တံတားကြီး ဖြစ်ပေါ်လာတဲ့အတွက် ဒေသခံတွေအနေနဲ့ အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။ အရင်တုန်းကခရီးသွားရင် ဆိုင်ကယ်ကိုလှေပေါ်မှာတင်ပြီး မြစ်ချောင်းတွေကို ဖြတ်သန်းသွားရပါတယ်။ အချိန်ကြန့်ကြာမှုလည်းရှိတယ်။ 

 

 

ခရီးလည်းမတွင်ခဲ့ဘူး။ အခုဆိုရင် သွားလာရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျန်းမာရေး အရေးကိစ္စတွေ အားလုံး အဆင်ပြေသွားပါပြီ။ အရင်က ကျွန်တော်တို့ရွာကနေ ဘူးသီးတောင် ကိုသွားရင် တစ်နာရီ လောက်ကြာတယ်။ အခုဆို ၁၅ မိနစ်လောက်ပဲ ကြာတော့မယ်။ တံတားတွေ တည်ဆောက်ပေးတဲ့အတွက် အခုဒီက နေရန်ကုန်အထိတိုက်ရိုက်သွားလို့ရပါပြီ။အရင်တုန်းကဆိုရင် စစ်တွေက နေပဲတစ်ဆင့်သွားလို့ရတယ်။ အခုဒီကနေ ဘယ်ကိုပဲသွားသွားတိုက်ရိုက်သွားလို့ရတဲ့အတွက် လမ်းပန်း ဆက်သွယ်ရေး တွေပိုမို ကောင်းမွန် လာပြီး ကျွန်တော်တို့ဒေသခံတွေအတွက် လူမှုစီးပွားဘဝတွေအများကြီး တိုးတက် လာပြီးအကျိုးရှိလာမှာ ဖြစ်ပါတယ်။”ဟုပြောသည်။

 

ယင်းတံတားငါးစင်းဖွင့်လှစ်နိုင်ခဲ့မှုကြောင့် ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဍားကျွန်းအထိ ကားလမ်း တစ်ဆက် တည်းသွားလာနိုင်မည်ဖြစ်ပြီးထိုမှတစ်ဆင့် ပြည်ထောင်စုလမ်းမကြီးဖြစ်သည့် ရန်ကုန်-စစ်တွေ ကားလမ်း မကြီးနှင့် ချိတ်ဆက်နိုင်မည်ဖြစ်ရာရေလမ်းကြောင်းနှင့် ကုန်းလမ်းကြောင်း နှစ်ခုစလုံးကို အသုံးပြုနိုင်မည် ဖြစ်သည့်အတွက် ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

 

“ကျွန်မတို့ဒေသခံတွေအတွက် ဒီလိုတံတားကြီးတွေဖွင့်လှစ်ပေးတာအလွန်ဝမ်းသာမိပါတယ်။ အရင်က ဘယ်ကို သွားသွားလှေနဲ့ပဲသွားရတယ်။ တစ်နေရာနဲ့တစ်နေရာသွားရင် အချိန်ကြာပြီးအခက်အခဲတွေရှိခဲ့တယ်။ ဒီတံ တားကြီးဖွင့်လှစ်လိုက်တော့ သွားရေးလာရေးအခက်အခဲတွေ မရှိတော့ပါဘူး။ ကျန်းမာရေးနဲ့ ပတ်သက်ပြီး အရေးအကြောင်းဆိုရင် အရင်ကကျွန်မတို့ရွာကနေဘူးသီးတောင်အထိဆိုင်ကယ်တစ်ဆင့် လှေတစ်ဆင့်နဲ့ သွားခဲ့ရပြီးအခုဆိုဆိုင်ကယ်နဲ့ဆေးရုံဆေးခန်းအထိတိုက်ရိုက်သွားနိုင်တော့ အချိန်ကြန့်ကြာမှုတွေမရှိတော့ဘဲ ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်ပါတယ်။သွားလာရေးအတွက် အရင်ကစိုးရိမ်မှုတွေ ရှိခဲ့ ပေမယ့် အခုဆိုရင် ဒီလိုတံတားကြီးတွေဖြစ်ပေါ်လာတဲ့အတွက် သွားရေးလာရေးအဆင်ပြေ ချောမွေ့ပြီး စိုးရိမ်မှုတွေလည်းမရှိတော့ပါဘူး။ကုန်ပစ္စည်းတွေ ဝယ်ခြမ်းပြီးသယ်တဲ့အခါမှာလည်းလှေတစ်ဆင့် ဆိုင်ကယ် တစ်ဆင့်နဲ့ဆိုတော့ သယ်ယူရတာအဆင်မပြေဘူး။ အခုဆိုရင် တံတားကြီးတွေဖွင့်လှစ်လိုက်ပြီဆိုတော့ နောက်ဆို ကျွန်မတို့ရွာဘက်တွေအထိကားလိုင်းတွေပေါ်လာတော့မှာဖြစ်တဲ့အတွက် သွားရေးလာရေး အဆင် ပြေပြီး ဒေသခံတွေအတွက် အများကြီးအကျိုးရှိမှာပါ။”ဟုအလယ်ချောင်းကျေးရွာမှ မနွယ်နွယ်ဝင်းက တံတား ဖွင့်လှစ်ခဲ့မှုအပေါ် ဝမ်းသာပီတိစကားဆို၏။

 

 

ရခိုင်ပြည်နယ်အတွင်းရှိ မြို့ရွာများလမ်းပန်းဆက်သွယ်ရေးအဆင်ပြေချောမွေ့စေရန်နှင့် ပြည်သူများ ခရီးသွားလာမှုနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလွယ်ကူလျင်မြန်စေရန်ဆောက်လုပ် ရေးဝန်ကြီးဌာနက လမ်းတံတားများတည်ဆောက်ပေးလျက်ရှိပြီး  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဘူးသီးတောင်-ရသေ့တောင်-ပုဏ္ဏားကျွန်းမြို့နယ်အတွင်းတည်ဆောက်ခဲ့သောပေ ၅၀ နှင့်အထက် တံတားငါးစင်းကိုယခုအခါတွင် တစ်ပြိုင် တည်းဖွင့်လှစ်ပေးနိုင်ခဲ့ခြင်းဖြစ်သည်။

 

တံတားများဖွင့်လှစ်ပေးမှုအပေါ် သရက်ပြင်ကျေးရွာမှ မနန်းချယ်ရီက “ဒီတံတားကြီးတွေ ဖွင့်လှစ် လိုက်တဲ့အတွက် ကျွန်မတို့ဒေသခံတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ သွားလာရေး တွေ အားလုံးလျင်မြန်ချောမွေ့ပြီးတိုးတက်မှုတွေရှိလာမယ်လို့ အများကြီးမျှော်လင့်ပါတယ်။ အရင်ကရွာမှာ ကျန်းမာရေးတစ်ခုခုဖြစ်ပြီဆိုရင် လှေတွေနဲ့သွားရတော့ အချိန်ကြာပါတယ်။ အခုဒီတံတားကြီးတွေ ဖွင့်လိုက် တော့ အချိန်ကြာမှုတွေ လျှော့နည်းသွားပြီးသွားလာရတာပိုမိုမြန်ဆန်သွားပါတယ်။ ပညာရေးအတွက်လည်း အထောက်အကူအများကြီးဖြစ်လာမှာပါ။ သယ်ယူပို့ဆောင်ရေးဆိုရင်လည်းဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့အထိ တိုက်ရိုက်သယ်ယူပို့ဆောင်လို့ရတဲ့အတွက် စီးပွားရေးတွေ ဖွံ့ဖြိုးတိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ သွားရေးလာရေးအားလုံးအဆင်ပြေသွားပါတယ်။ ဒီတံတားကြီးတွေဟာ ကျွန်မတို့ ဒေသခံတွေအတွက် အထောက်အပံ့ကောင်းတွေ များစွာပေးမှာပါ။ဒီလိုတံတားကြီးတွေ တည်ဆောက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ ကျွန်မတို့ ဒေသခံတွေအတွက် လိုအပ်ချက်တွေ ကိုလည်းဆက်လက်ဆောင်ရွက်ပေးနိုင်ပါစေလို့ မျှော်လင့်ပါတယ်။”ဟုပြောဆိုသည်။

 

ရခိုင်ပြည်နယ်မောင်တောမြို့၊ ဘူးသီးတောင်မြို့၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်သို့ တစ်စပ် တစ်ဆက် တည်းအချိန်ကြန့်ကြာမှုမရှိဘဲသွားလာနိုင်မည့်ဖြစ်သည့်အပြင် အဆိုပါ လမ်းတံတားများဖွင့် လှစ်ပေးမှုကြောင့် ရန်ကုန်မြို့သို့လည်း တိုက်ရိုက်ကုန်စည်ဆင်းစီးမှုများလွယ်လူလျင်မြန်စွာ ဆက်သွယ်နိုင်မည်ဖြစ်သော ကြောင့် ဒေသ၏လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း။ 

 

သတင်းနှင့်ဓာတ်ပုံ-ကျော်သူဝင်း၊ အေးမင်းသူ