ရခိုင်ပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ခြင်းအစီအစဉ်  ဆောင်ရွက်လျက်ရှိ

နေပြည်တော် ၈   ဒီဇင်ဘာ

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားအဆင့် လူမှုကာကွယ်စောင့်ရှောက်ရေး မဟာဗျူဟာ စီမံချက်ကိုအခြေခံ၍ အာဟာရ၊ ကျန်းမာရေးဆိုင်ရာနှင့် ဆင်းရဲမှုအခြေအနေ အညွှန်းကိန်းများ မြင့်မားနေသော ချင်းပြည်နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ် အောက်ကလေးသူငယ်များအတွက် ငွေကြေးအထောက်အပံ့ ပေးသည့် (MCCT)အစီအစဉ် စတင်အကောင်အထည်ဖော်ခဲ့ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ရခိုင်ပြည်နယ်တို့တွင် တိုးချဲ့ဆောင်ရွက်ခဲ့သည်။

 

အဆိုပါ MCCTအစီအစဉ်တွင် အကျုံးဝင်သော ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်(၁၇)မြို့ နယ်တွင် ၂၀၁၇ ခုနှစ် ဇူလိုင် ၁ ရက်မှစတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား တစ်လလျှင် ငွေကျပ် (၁၅,၀၀၀)နှုန်းဖြင့် ငွေကြေးထောက်ပံ့ ပေးအပ်ခြင်း အစီအစဉ်အား ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် စစ်တွေမြို့နယ်အနေဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တတိယနှင့် စတုတ္တအကြိမ် ငွေကြေးထောက်ပံ့ပေးအပ်မှုအဖြစ် ၂၀၁၉ခုနှစ် (ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ) လများအတွက် စက်တင်ဘာ ၁၁ ရက်မှ အောက်တိုဘာ ၃ ရက်အထိ ဆောင်ရွက်ခဲ့ပြီး မြို့ပေါ်ရပ်ကွက် (၃၂) ရပ်ကွက်အားမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ရခိုင်တိုင်းရင်းသားကျေးရွာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ အကျဉ်းထောင်များသို့ ရခိုင်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ ဝန်ထမ်းများက (Mobile Team) ဖြင့် ကွင်းဆင်းသွားရောက်၍ ထောက်ပံ့မှုပေးခြင်းနှင့် IDP Camp (၁၄)ခု အပါအဝင် မူဆလင်ကျေးရွာများသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုဖြင့် သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ Camp တာဝန်ခံများမှတစ်ဆင့် အကျိုးခံစားခွင့်ရှိသူများထံသို့ ငွေကြေးထောက်ပံ့ပေးအပ်ခြင်းအား ဆောင်ရွက်ခဲ့သည်။

 

စစ်တွေမြို့အနေဖြင့် တတိယနှင့် စတုတ္တအကြိမ် ထောက်ပံ့ပေးအပ်မှုအတွက် ကိုယ်ဝန်ဆောင်ဦးရေ (၃,၆၅၆)ဦး၊ ကလေးဦးရေ (၉,၅၁၅)ဦး၊ စုစုပေါင်းအကျိုးခံစားခွင့်ရှိသူဦးရေ (၁၃,၁၇၁)ဦးအား ထောက်ပံ့ငွေကျပ် (၁,၁၄၃,၅၇၀,၀၀၀/-) အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ဖြစ်သည်။

 

ရခိုင်ပြည်နယ်တစ်ခုလုံးအနေဖြင့် ကိုယ်ဝန်ဦးရေ (၃၄,၄၆၁)ဦး၊ ကလေးဦးရေ (၈၈,၈၁၅)ဦး၊ စုစုပေါင်း အကျိုးခံစားခွင့်ရှိသူဦးရေ (၁၂၃,၂၇၆)ဦးအတွက် ထောက်ပံ့ငွေကျပ် (၅,၉၂၂,၇၃၅,၀၀၀/-)အား ထောက်ပံ့ပေးအပ် နိုင်ခဲ့ပါကြောင်း သိရသည်။

 

 (သတင်းစဉ်)