ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ဂွမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်

စစ်တွေ   ၂၅  အောက်တိုဘာ

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ဂွမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းကာ ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂွမြို့နယ် ကျောက်ချွန်ကျေးရွာ၊ သီရိရတနာ ဘုန်းတော်ကြီး ကျောင်းသို့သွားရောက်၍ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုကာ ဆရာတော်ကြီးများထံမှ ဩဝါဒခံယူပြီး လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့သည်။

 

ဆက်လက်၍ ကျောင်းတိုက်အတွင်း ကျေးရွာရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆွေးနွေးကြသည်။ ရပ်မိ၊ ရပ်ဖများက ဒေသဖွံ့ဖြိုးရေး၊ ဒေသလိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာဌာများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်နယ်အစိုးရ အဖွဲ့မှ သီရိရတနာဘုန်းတော်ကြီးကျောင်းရှိ ဓမ္မာရုံမျက်နှာကြက်ပြုလုပ်ရန်အတွက် ငွေကျပ်သိန်း ၂၀၊ တာလောင်ကြီးကျေးရွာ၊ အစွန်ကုန်းဘုန်းတော်ကြီးကျောင်းတွင် သိမ် ဆောက်လုပ်ရန်အတွက် ငွေကျပ် ၁၀ သိန်းနှင့် တောင်ပေါက်ရွာလယ်ဘုရားကျောင်း မျက်နှာကြက်ပြုလုပ်ရန်အတွက် ငွေကျပ်သိန်း ၂၀ တို့ကိုလှူဒါန်းခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေရချိုင် ကျေးရွာဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ဆရာတော်သံဃာတော်များကို ဖူးမြော်ကြည်ညိုကာ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ယင်းနောက် ဒေသခံ ရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးနှင့် ဒေသလိုအပ်ချက်များကို ဆွေးနွေးကြကာ ပြည်နယ်အစိုးရအဖွဲ့မှ ရွှေရချိုင်ကျေးရွာ၊ ရွာဦးကျောင်းဟောင်းပြုပြင်ရန်အတွက် ငွေကျပ် ၁၀ သိန်း၊ ရွှေရချိုင်တောင် ပေါ်ကျောင်း ညဘုရားပုလ္လင်တည်ဆောက်ရန် ငွေကျပ် ၁၀ သိန်း၊ သင်ပေါင်းတောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၊ ဆွမ်းစားဆောင်ဆောက်လုပ်ရန်အတွက် ငွေကျပ် ၁၀ သိန်းနှင့် ဒဲ့ချောင်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဘုရားခန်းတိုးချဲ့ဆောင် ဆောက်လုပ်ရန်အတွက် ငွေကျပ် ၁၀ သိန်းတို့ကိုလှူဒါန်းခဲ့သည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျေးငူကျေးရွာ ဓမ္မရက္ခိတ ကျောင်းတိုက်သို့ ရောက်ရှိပြီး ဆရာတော်သံဃာတော်များအား ဖူးမြော်ကာလှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကျောင်းတိုက်အတွင်း ကျေးရွာရပ်မိ၊ ရပ်ဖများနှင့် တွေ့ဆုံ၍ ရပ်မိ၊ ရပ်ဖများက ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဓမ္မရက္ခိတကျောင်းဆောင် ဆောက်လုပ်ရန် ငွေကျပ် ၁၀ သိန်း၊ မကျေးငူကျေးရွာ တောင်ပေါ် ဘုန်းတော်ကြီးကျောင်း သွပ်မိုးရန်အတွက် ငွေကျပ် ၁၀ သိန်းနှင့် မကျေးငူကျေးရွာ ကိုယ်ထူကိုယ်ထ မူကြိုကျောင်း လျှပ်စစ်မီတာ တပ်ဆင်ရန်အတွက် ငွေကျပ်နှစ်သိန်းတို့ကို လှူဒါန်းထောက်ပံ့ပေးခဲ့သည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကျေးငူကျေးရွာရှိ တံတားတည်ဆောက်ရေး (၂)၊ တံတားအထူးအဖွဲ့(၈)မှ တာဝန်ယူတည်ဆောက်နေသည့် ဂွမြို့နှင့် မကျေးငူကျေးရွာ ဆက်သွယ်မည့် ဂွချောင်းကူးတံတားတည်ဆောက်ရေး စီမံကိန်းအား  သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

 

တင်ထွန်း(ပြန်/ဆက်)