ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားတက်ရောက်ကြည့်ရှုအားပေး

စစ်တွေ ၁၃  ဇူလိုင် 


ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ဇူလိုင် ၁၂ ရက် ညနေ ၃ နာရီတွင် စစ်တွေမြို့ ဓညဝတီ အားကစားကွင်း၌ ကျင်းပသည့် ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေးပြီးတံခွန်စိုက်ဆုကို ချီးမြှင့်သည်။


ရှေးဦးစွာကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မိုးရာသီဘောလုံးပြိုင်ပွဲဗိုလ်လုပွဲအဖြစ် Networking အသင်းနှင့် MIS အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ MIS အသင်းက သုံးဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိပြီး တံခွန်စိုက်ဆုကိုရရှိသွားသည်။


ထို့နောက်ဆုချီးမြှင့်ပွဲကိုဆက်လက်ကျင်းပရာနည်းပညာတက္ကသိုလ် (စစ်တွေ)ကျောင်းအုပ်ကြီး က ဒုတိယဆုရရှိသော Networking အသင်းမှအားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ပြီး ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မင်းက ငွေသားဆုကို ပေးအပ်ချီးမြှင့်သည်။ 


ဆက်လက်၍ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ကျောင်းအုပ်ကြီး ဒေါက်တာဇော်ထွန်းက ပြိုင်ပွဲတွင် အကောင်းဆုံးကစားခဲ့ကြသည့် အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာချမ်းသာကပထမဆုရရှိသော MIS အသင်းမှ အားကစားသမားများအား တစ်ဦးချင်း ဆုတံဆိပ်များ ပေးအပ်သည်။ 


ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပထမဆုရရှိသော MIS အသင်းအား တံခွန်စိုက် ဆုနှင့်ငွေသားဆု ၂၅၀ဝ၀ဝ တို့အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)