ရခိုင်ရိုးရာ မင်္ဂလာဆောင်ပွဲဓလေ့

မာန်သစ်ငြိမ်း

 

(ရှေးဟောင်းသုတေသန)

 

ရခိုင်တိုင်းရင်းသားလူမျိုးများသည် ရိုးရာ ဓလေ့ထုံးတမ်းစဉ်လာများကို ထိန်းသိမ်း စောင့်ရှောက်လေ့ရှိကြရာ ရခိုင်ရိုးရာ မင်္ဂလာဆောင် အခမ်းအနားကိုလည်း ယနေ့ အချိန်ထိ ထိန်းသိမ်းကျင့်သုံးလျက်ရှိကြပေသည်။ သမက်က ယောက္ခမအိမ်သို့ လိုက်ပါ နေထိုင်သောကြောင့် ရခိုင်ရိုးရာ မင်္ဂလာဆောင် အပြီးတွင် ရခိုင်တို့က ''သမက်တက်ပွဲ''ဟု ခေါ်ကြသည်။

 

မင်္ဂလာဆောင်ကျင်းပရန် သတို့သား၊ သတို့သမီး ရွေးချယ်ခြင်း၊ အချိန်ကာလ ရွေးချယ် သတ်မှတ်ခြင်းတို့ကိုလည်း အစဉ်အလာအတိုင်း ပြုလုပ်ကြပေသည်။ ရခိုင်လူပျို၊ အပျိုတို့ အရွယ်ရောက်လျှင် အိမ်ထောင်ဖက်ကို အများအားဖြင့် မိဘတို့က ရွေးချယ်ပေးလေ့ရှိသည်။ သားရှင်မိဘများက ချွေးမလောင်း ရွေးချယ်ပြီး သမီးရှင်မိဘများနှင့် ဆွေးနွေးကာ စေ့စပ်ကြောင်းလမ်း ကြသည်။ စေ့စပ်ကြောင်းလမ်းရာတွင် အသွင်းဖိုးကို ညှိနှိုင်းပြီး ရွှေ၊ ငွေ၊ လယ်ယာ စသည်တို့ကို သားရှင် မိဘများက ပေးရသည်။ စေ့စပ်ကြောင်းလမ်းပွဲကို သမီးရှင် မိဘများအိမ်၌ ကျင်းပပြီး ယောကျာ်းလေးဘက်မှ ခေါ်ထားသော ဗေဒင် ဆရာနှစ်ဦးတို့က ဇာတာချင်းယှဉ်၍ နေ့သင့် နံသင့်ပါက ယောကျာ်းလေးဘက်မှ အသွင်းဖိုး ပေးကာ စေ့စပ်ကြောင်းလမ်းကြသည်။

 

 

မင်္ဂလာမဆောင်မီ တစ်ရက်အလိုတွင် လက်ဖက်ထုပ်၊ ကွမ်းယာများနှင့် မင်္ဂလာဆောင် ဖိတ်ကြားကြသည်။ ထိုနေ့တွင်ပင် ငယ်လင်ငယ်မယား အညွန့်ရှိသော အမျိုးသမီးတစ်ဦးက သတို့သား အိမ်မှဆန်ကို သတို့သမီးအိမ်သို့ ပို့ပေးရသည်။ ဆန်မှာလည်း နို့ဆီဘူး နှစ်ဘူး၊ လေးဘူး စသည်ဖြင့် စုံဂဏန်း ဖြစ်ရသည်။ မင်္ဂလာဆောင်မည့် နံနက်အရုဏ် တက်အချိန် သတို့သမီးအိမ်၌ပင် မင်္ဂလာမြှောက်သည်ဆိုရာ၌ ဘုန်းကြီးဆွမ်းကပ်ပြီး မင်္ဂလာတရားနာခြင်း၊ ဘိုးဘွား၊ လူကြီးမိဘ များအား ကန်တော့ခြင်း၊ မင်္ဂလာအခမ်းအနား ကျွမ်းကျင်သူက နံ့သာရည်ဖြင့် သတို့သားက သတို့သမီးအား ပက်ဖျန်းခြင်းပင်ဖြစ်သည်။

 

သတို့သမီး၏အိမ်တွင် မင်္ဂလာလက်ဆုံ ထမင်းပွဲအတွက် အညွန့်ရှိသူ အမျိုးသမီးက သတို့သားအိမ်က လာပို့သော ဆန်နှင့် သတို့သမီးအိမ်မှ ဆန်များကိုရော၍ ချက်ရသည်။ ထိုထမင်းနှင့် ကောက်ညှင်းထမင်းကိုရော၍ မင်္ဂလာထမင်းပြင်ရသည်။ ကောက်ညှင်းကဲ့သို့ မကွဲမကွာစေးကပ်၍ တစ်သက်လုံး မခွဲမခွာ ပေါင်းသင်းနိုင်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ မင်္ဂလာလက်ဆုံ ထမင်းပွဲတွင် ငကံသား (အကြေးရှိသောငါး) ကို ကံကောင်းစေရန် ရည်ရွယ်၍ လည်းကောင်း၊ ကြက်သား၊ ဘဲဥ၊ ပုစွန်၊ မျောက်ဥ၊ ရွှေဖရုံသီးဟင်းတို့ကို ချမ်းသာကြွယ်ဝစေရန်၊ သားသမီးရတနာ ထွန်းကားစေရန် ရည်ရွယ်၍ လည်းကောင်း ထည့်သွင်းရသည်။ ကြက်တွင် အူစုံ၊ အသည်းစုံ ပါရပေသည်။ ပုစွန်တုပ်တွင် နှုတ်ခမ်းမွေးများပင် မပြတ်စေရ အင်္ဂါစုံရပေသည်။ အကျိုးအပဲ့ အနာအဆာများ မပါရအောင် ဂရုစိုက်၍ ပြင်ဆင်ရသည်။ ငါးတွင်လည်း အကြေးမကွာရ၊ ဆူးတောင်များ မကျိုးစေရအောင် (အင်္ဂါစုံအောင်) ပြင်ဆင်ရသည်။ မင်္ဂလာပန်းကန်ပေါ်တွင် ကောက်ညှင်းထမင်း၊ ပုစွန်တုပ်အကြီး နှစ်ကောင်၊ ငှက်ပျောသီး နှစ်လုံး၊ ဘဲဥနှစ်လုံး တင်ထားရသည်။ မင်္ဂလာ လင်ပန်းတစ်ချပ်ပေါ်တွင် ပရိတ်ချည်ပတ်ထားသော မြေ (သို့မဟုတ်) ကြေးရေစင်အိုး နှစ်လုံးတွင် သပြေညွန့်ကိုတည်၍ နေ့နံသင့်သော ပန်းညွန့်နှင့် ပေဖူးလွှာခေါ် အခါစာကို ထိုးစိုက်ထားရသည်။ အခါစာဆိုသည်မှာ သတို့သားဘက်မှ ဗေဒင်ဆရာက နေ့နံသင့် တွက်ချက်၍ သတို့သမီးနှင့် မိတ်ဖက်ဖြစ်သော မည်သည့်ပန်းကို ပန်ဆင်ရမည်၊ ရေစင်အိုးတွင် မည်သည့် ပန်းစိုက်ရမည်ဟု ရေးထိုး ထားသော စာပင်ဖြစ်သည်။

 

လက်ထပ်ပွဲကျင်းပမည့် နေ့လယ်ပိုင်းတွင် သတို့သမီးအိမ်သို့ သတို့သမီး၏အဖော် အပျိုများသည် ဝတ်ကောင်းစားလှ ဝတ်ဆင်၍ လက်ဖွဲ့များ သွားရောက် ပေးလေ့ရှိသည်။ ထိုသို့သွားရောက်၍ လက်ဆောင်များ ပေးကမ်းခြင်းနှင့် သတို့သမီးအား ၄င်း၏အဖော်အဖြစ် စောင့်ရှောက်ခြင်းကို သမီးစောင့်သည်ဟု ခေါ်ဆိုကြသည်။ သမီးစောင့်ပွဲသည် သတို့သမီး ဘက်မှ ပြုလုပ်ရသော သတို့သမီး၏ ဧည့်ခံပွဲပင် ဖြစ်သည်။ အပျိုများပြန်သွားပြီးနောက် ညနေခင်းတွင် မင်္ဂလာပွဲကို ဆက်လက်ကျင်းပသည်။ ဖိတ်ကြားထားသော ဧည့်ပရိသတ်များက မိမိတို့နှင့် ရင်းနှီးသည့်ဘက်သို့ သွားကြသည်။ မင်္ဂလာအချိန် ကျရောက်သောအခါ သတို့သားနှင့် ၄င်း၏ပရိသတ်များက သတို့သမီး၏အိမ်သို့ စီတန်း၍သွားကြသည်။ သမက်ရှင် (သတို့သား) သည် သမီးရှင် (သတို့သမီး) အိမ်သို့ တက်ရသဖြင့် မင်္ဂလာပွဲကို သမက်တက်ပွဲဟု ခေါ်သည်။

 

 

သတို့သမီးအိမ်သို့သွားရာတွင် သတို့သားနှင့် ၄င်း၏ပရိသတ်သည် နဂါးခေါင်းလှည့်နှင့် ရင်မဆိုင်ရအောင် ဗေဒင် တွက်ထားသည့်အတိုင်း လှည့်လည်၍ သွားရသည်။ သျှောင်ထမ်းသူ၊ သေတ္တာထမ်းသူ (သတို့သား၏ ဖခင်နှင့် အရပ်လူကြီးများ)၊ ရေစင်အိုးထမ်းသူ၊ အညွန့်အုပ်ကိုင်သူ (သတို့သား မိခင်နှင့် အမျိုးသမီးကြီးများ၊ သတို့သား၏ မိတ်ဆွေများ) က တန်းစီ၍ လိုက်ပါကြသည်။ လူပျိုရံက ဓားကို ထမ်း၍ သတို့သား၏ဘေးမှ လိုက်ပါလာသည်။ ရခိုင်ရိုးရာ စည်တော်သမားများကလည်း စည်တော်တီး၍ လိုက်ပါကြသည်။

 

သတို့သမီးအိမ်သို့ ရောက်သောအခါ သတို့သားသည် ချက်ချင်း အိမ်ပေါ်သို့ တက်ခွင့်မရဘဲ မဏ္ဍပ်တွင်း၌ ရပ်တန့်နေသည်။ ပထမဦးစွာ သတို့သမီးဘက်မှ အညွန့်ရှိသူ အမျိုးသမီးက အိမ်ရှေ့လှေကားရင်းသို့ ဆင်းလာပြီး သတို့သားဘက်မှ ယူဆောင်လာသော အညွန့်အုပ်ကို လှမ်းယူရသည်။ ထိုအညွန့်အုပ်ကို မင်္ဂလာမြှောက်ရန် သတို့သမီးရှေ့ရှိ မင်္ဂလာစားပွဲပေါ်တွင် တင်ထားရသည်။ ထိုစားပွဲပေါ်တွင် မင်္ဂလာထမင်းပန်းကန်နှင့် ရွှေဖရုံသီးဟင်း၊ ငကံသားဟင်း စသည့် ဟင်းခွက် ငါးခွက်တင်သည်။ စပါးစေ့များကြဲ၍ ငွေဒင်္ဂါးနှစ်ပြား တင်ထားသည်။

 

အညွန့်အုပ်မှာ ငါးအုပ်၊ ကိုးအုပ် စသည်ဖြင့် ဆင်းရဲချမ်းသာအလိုက် ပါရှိတတ်သည်။ အညွန့်အုပ်များ၏ အရေအတွက်မှာ မဂဏန်းသာ ဖြစ်ရသည်။ ပထမအညွန့်အုပ်ထိန်းသူ အမျိုးသမီးက ပဒေးညွန့် နှစ်ညွန့်၊ မျောက်ညွန့် နှစ်ညွန့်၊ စံပယ်ကုံး နှစ်ကုံး၊ ဒေါင့်တလိပ်ပန်း နှစ်ကုံးတို့ကို သတို့သမီးအား ပန်ဆင်ပြီးမှ အခြားပန်းများကို တစ်စုံကျစီ ပန်ဆင်ပေးသည်။ ထိုသို့ မပန်ဆင်မီ သတို့သမီး ဆောင်းထားသော သျှောင်မျက်နှာဖုံးကိုဖွင့်ရန်အတွက် မျက်နှာဖုံး ဖွင့်ကြေးပေးရသည်။

 

သတို့သမီးအား ပန်းဆင်ပြီးနောက် အညွန့်အုပ်ထိန်းသူ အမျိုးသမီးများ စုံညီစွာ ဆင်းလာပြီးမှ သတို့သားသည် မင်္ဂလာဆောင်ရန် အိမ်ပေါ်သို့ တက်ခွင့်ရသည်။ လှေကားရင်းတွင် သတို့သမီး၏ ညီမက သတို့သားခြေကို ရေနှင့်လောင်း၍ ခြေဆေးခ တောင်းလျှင် ငွေပေးပြီးမှ သတို့သားသည် ကိုယ်ရံတော် နှစ်ဦးနှင့်အတူ သတို့သမီး၏ လက်ယာဘက်တွင် ထိုင်ရသည်။ မင်္ဂလာ လက်ထပ်ထိမ်းမြားပွဲကို စတင်သောအခါ အညွန့်ရှိသူ အမျိုးသမီးက ချည်ခင်ကိုကိုင်ပြီး သတို့သားနှင့် သတို့သမီးလက်ကို သုံးပတ်၊ ငါးပတ်၊ ခုနစ်ပတ် စသည်ဖြင့် ပတ်ရသည်။ ရေစင်အိုးနှစ်လုံး၊ သတို့သား၏ အိပ်ရာလိပ်နှင့် သေတ္တာတို့အပြင် မင်္ဂလာထမင်းပွဲကို ချည်ခင်ဖြင့် ရစ်ပတ်သည်။ ထိုသို့ပြုလုပ်သည်ကို မြားသည်ဟု ခေါ်သည်။ ထို့နောက် မင်္ဂလာထမင်းကို လက်ဆုံစား ကြရသည်။

 

 

မင်္ဂလာလက်ဆုံစားရာတွင် သတို့သား၏ ဖခင်က သတို့သမီးနှင့် မျက်နှာချင်းဆိုင် ထိုင်၍လည်းကောင်း၊ သတို့သမီး၏ ဖခင်က သတို့သားနှင့် မျက်နှာချင်းဆိုင်ထိုင်၍လည်းကောင်း ထမင်းထုပ်ခံရန် ပဝါဖြူများ ဖြန့်ထား ရသည်။ သတို့သားနှင့် သတို့သမီးတို့သည် မင်္ဂလာထမင်းပွဲတွင်ရှိသော ထမင်းကို တစ်ဆုပ်ချင်းဆုပ်ပြီး ဖခင်များ၏ ပဝါဖြူထဲသို့ ထည့်ရသည်။ ထမင်းခုနစ်ဆုပ် ထည့်ပြီးလျှင် ဖခင်များက လက်ဖွဲ့ငွေ ပေးကမ်းကြသည်။ တစ်ဖန် မိခင်များကိုလည်း ထိုနည်းအတူ ထမင်းဆုပ်ခုနစ်ဆုပ် ထည့်ရသည်။ ထို့နောက် သတို့သားနှင့် သတို့သမီး တစ်ဦးနှင့်တစ်ဦး ထမင်းခုနစ်ဆုပ် စီပေး၍ စားသောက်ကာ ရေဖလားတွင် အတူ လက်ဆေး ကြရသည်။ ထို့နောက် အညွန့်ရှိပြီး ဂုဏ်သရေရှိသော ဇနီးမောင်နှံတို့က သတို့သားနှင့် သတို့သမီးတို့၏ ညာလက်များကိုယူပြီး လက်ထပ်ပေးသည်။ ရေစင်များ သွန်းလောင်းပြီး မင်္ဂလာရှိသော စကားများ၊ မင်္ဂလာရတုများကို ရွတ်ဆို၍ ထိမ်းမြားပေး လိုက်သည်။

 

ထိုသို့ မင်္ဂလာဆောင်ပြီးနောက် ဧည့်သည် များသည် သတို့သားနှင့် သတို့သမီးတို့၏ ရှေ့တွင်ရှိသော ငွေဖလားနှစ်လုံးထဲသို့ လက်ဖွဲ့များ ထည့်ကြသည်။ လက်ဖွဲ့ကို သတို့သားနှင့် သတို့သမီးက လက်အုပ်ချီ၍ ခံယူရသည်။ လက်ဖွဲ့ပြီးနောက် သတို့သားသည် သတို့သမီး ဆောင်းထားသော သျှောင်ကိုယူ၍ မင်္ဂလာ စားပွဲပေါ်တွင် ချထားရပြီး မိမိ၏သျှောင်ကို သတို့သမီး၏ ခေါင်းပေါ်တွင် ဆောင်းပေး ရသည်။ သျှောင်တင်သျှောင်ချသည့်အခါ သတို့သမီးက သတို့သားကို ရှိခိုးရပြီး သျှောင်တင် သျှောင်ချခအဖြစ် သတို့သားက ငွေပေးရသည်။ လက်ဖွဲ့ငွေများကို သတို့သား၊ သတို့သမီးအား ပေးအပ်သောအခါ သတို့သမီးက ရှိခိုး၍ယူရသည်။

 

မင်္ဂလာအခမ်းအနား ပြီးသောအခါ သတို့သားသည် မင်္ဂလာအခမ်းအနားမှ ထွက်ခွာ သွားခွင့်ရရန်အတွက် သတို့သမီးဘက်မှ သတို့သား၏လူပျိုရံများအား ငွေပေးရသည်။ ထို့နောက် သတို့သားသည် မိတ်ဆွေ သူငယ်ချင်းများအား ကျွေးမွေးဧည့်ခံရန် မိမိအိမ်သို့ ပြန်ရသည်။ သို့ရာတွင် အိမ်ပေါ်မတက်ရဘဲ မဏ္ဍပ်ထဲတွင်သာ နေရသည်။ မိဘအိမ်သို့ မဝင်ရဟူသော စည်းကမ်းချက်မှာ မလိုက်နာလျှင် မဖြစ်သော စည်းကမ်းတစ်ခု ဖြစ်သည်။ ဧည့်ခံပွဲပြီး၍ ညပိုင်းတွင် သတို့သားအား မိတ်ဆွေသူငယ်ချင်းများက သတို့သမီးအိမ်သို့ လိုက်ပို့ကြသည်။ သတို့သားမိတ်ဆွေ သူငယ်ချင်းများက သတို့သမီး မိဘများထံ သတို့သားကိုအပ်၍ ပြန်သွားကြသည်။ မင်္ဂလာဆောင်ပြီး သုံးရက် (သို့မဟုတ်) ငါးရက် (သို့မဟုတ်) ခုနစ်ရက်အကြာတွင် အိမ်ပြန်လည်သွားလေ့ ရှိပေသည်။ လူကြီးမိဘ၊ ဆွေမျိုးသားချင်းများအား ကန်တော့သည့် နေ့ဟု သတ်မှတ်ကြသည်။

 

ယခုအခါတွင် ထိုကဲ့သို့ ရိုးရာမင်္ဂလာ အခမ်းအနားများကို ကျင်းပပြုလုပ်မှု နည်းပါးသွားပြီဟု ဆိုနိုင်ပေသည်။ သို့သော်လည်း ရခိုင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုအား တိမ်ကောပပျောက်မသွားစေဘဲ နောင်လာ နောက်သားတို့၏ လက်ဆင့်ကမ်း အမွေအနှစ် တစ်ရပ်အဖြစ် အစဉ်အမြဲထိန်းသိမ်းစောင့် ရှောက်နိုင်စိမ့်သောငှာ ဤဆောင်းပါးအား ရေးသားဖော်ပြလိုက်ခြင်း ဖြစ်ပါတော့သည်။

 

ကိုးကားချက်

 

ယဉ်ကျေးမှုအထူးထုတ်မဂ္ဂဇင်း