ရခိုင်တိုင်းရင်း ဟင်းလျာများ

ဆင်ခရမ်းသီးကြက်သောက်ဆမ်း၊ ငါးပိထောင်း၊ ငါးနီတူသုပ်နှင့် ပုစွန်ရခိုင်ချက်ဟင်း

 

ကိုယ်တွေနဲ့ အင်မတန်ခင်တဲ့ ရခိုင်မိတ်ဆွေတစ်ဦးက နေ့လယ်စာ စားဖို့ ဖိတ်ထားလို့ သူ့အိမ်ကို နံနက် ၁ဝ နာရီလောက်သွားတော့ ''စောလှချည့်လား၊ ဘာမှတောင် မချက်ရသေးဘူး''လို့ ဆီးပြောပါတယ်။ ချက်တာပြုတ်တာ ကြည့်ချင်လို့ပါလို့ ရှင်းပြတော့ သူငယ်ချင်းက တဟားဟားနဲ့ အော်ရယ်ပြီး ''ငါတို့ ရခိုင်ဟင်းက ချက်ရတာ မြန်ပါတယ်၊ နင်တို့ ပူပူနွေးနွေး စားရတာပေါ့'' လို့ပြောပြီး တစ်ဆက်တည်းပဲ ဈေးခြင်းတောင်းကြီးဆွဲကာ မီးဖိုထဲမှာ ဇယ်ဆက်သလို့ တရစပ် ချက်ပါတော့တယ်။

 

ဈေးက အသင့်ခုတ်ပြီးယူလာတဲ့ ဗမာကြက်သားအတုံးလေးတွေကို ရေဆေးပြီး ဇလုံတစ်လုံးမှာ ဆား၊ နံနွင်းအပြင် ပုစွန်ငါးပိ နည်းနည်း ထည့်နယ်ပြီး နှပ်ထားပါတယ်။ ကြက်သွန်ဖြူ၊ နီနဲ့ ငရုတ်သီးစိမ်း သုံးလေး တောင့်ကို တဂျွမ်းဂျွမ်းနဲ့ ထောင်းပြီး နယ်ထားတဲ့ ကြက်သားဇလုံထဲ ပုံလိုက်ပါတယ်။ မီးဖိုပေါ်အိုးတင်၊ ဆားနယ်ထားတဲ့ ကြက်သားတွေ လောင်းထည့်၊ ဆီပါလေကာဆမ်း၊ ဇလုံကျင်း ရေလောင်းထည့်ပြီး ချက်လိုက်ပုံက တကယ့်ကို မြန်တာပါ။

 

ဟင်းအိုးကို ဖိုပေါ်တင်ထားတုန်း စိမ်းဖန့်ဖန့်အရောင် ဆင်ခရမ်းသီး သုံးလုံးလောက်ကို အခွံခွာ ရေဆေးပြီး အကွင်းလိုက် လှီးနေပါတယ်။ ဟင်းအိုးတဖျစ်ဖျစ်နဲ့ မြည်လာပြီး ဆီပြန်သံကြားတော့ စလောင်းဖုံးကိုလှပ်၊ လှီးထားတဲ့ ဆင်ခရမ်းသီးတွေအုပ်ပြီး ဟင်းအိုးကို မွှေပါတော့တယ်။ ပြီးမှ ဓာတ်ဘူးထဲက ရေနွေးကို ဟင်းတုံးတွေအပေါ် လက်သုံးလုံးလောက် မြုပ်အောင်လောင်းထည့်ပြီး ဆက်တည်ထား ပါတယ်။

 

ဟင်းအိုးတည်ထားတုံးမှာ အညှာခြွေထားတဲ့ ကုလားအော်ငရုတ် သီးတောင့် လက်တစ်ဆုပ်လောက်နဲ့ ကြက်သွန်ဖြူ အမွှာတွေကို ဒယ်အိုး အသေးလေးထဲ ရောထည့်ပြီး လှော်ပြန်ပါတယ်။ ကျက်လောက်တော့ ပန်းကန်တစ်ခုထဲလောင်းထည့်ကာ ခေါင်းခြွေပြီး သန့်စင်ထားတဲ့ ငါးနီတူလေးတွေကို ဆက်ပြီးလှော်ပါတယ်။ ငါးနီတူကျက်တော့ အသာဖယ်ပြီး ပုလင်းထဲက ပုစွန်ငါးပိ လက်တစ်ဆုပ်နှိုက်လို့ အဲသည်ဒယ်အိုးမှာ ကပ်ကာ မီးကင်ပါတယ်။

 

မီးဖိုပေါ်က ကြက်သောက်ဆမ်းအိုး ပွက်ပွက်ဆူတော့ အဖုံးလှပ်၊ အပေါ့အငန် မြည်းပြီး ဖိုပေါ်က ချလိုက်ပါတယ်။ ပြီးတော့ကာ ငရုတ်ဆုံထဲ ပုစွန်ခြောက်လောင်းထည့်ပြီး ထောင်းပါတော့တယ်။ ပုစွန် ခြောက်တွေ လေးစိတ်ကွဲလောက် ညက်တယ်ဆိုရင်ပဲ စောစောက လှော်ထားတဲ့ ကုလားအော်တောင့် ကြက်သွန်ဖြူနဲ့ ပုစွန်ငါးပိ မီးကင်ပါရောပြီး သမသွားအောင် ညက်ညက်ထောင်း ပါတယ်။

 

ပြီးတော့ အခွံသင်ပြီး ဆားနယ်ထားတဲ့ ပုစွန်ပဲနပြားတွေကို ငရုတ်ဆုံထဲက ထောင်းထားတဲ့ အရောကွမ်းသီး နှစ်လုံးစာလောက်နဲ့ ရောနယ်ပြီး ဒယ်အိုးထဲထည့် ဆီကလေးပါလေကာ ဖျန်း၊ မြေပုံသီး (ကိုင်းခရမ်းချဉ်သီး) သုံးလုံး လောက်ကို လက်ပေါ်မှာတင် ဖျစ်ထည့်ပြီး အဖုံးအုပ်ကာ တည်ပါတော့တယ်။ ဟင်းအိုး တစ်ပွက်၊ နှစ်ပွက် ဆူသံကြားလို့ အဖုံးဖွင့်လိုက်ရင်ပဲ ခရမ်းချဉ်သီးရောင်ရဲရဲ၊ ရေစပ်စပ်လေးနဲ့ တွေ့ရတဲ့ ပုစွန်ရခိုင်ချက်ကလေးက တကယ့်ကို သွားရည် ယိုစရာပါ။

 

ထမင်းပွဲပြင်ကြမယ်လို့ ဆော်သြလိုက်တော့ လှော်ထားတဲ့ ငါးနီတူ ပန်းကန်ပြားထဲကို ငရုတ်ဆုံထဲက အရောတစ်ဝက်ကိုပုံ၊ ကြက်သွန်နီ ပါးပါးလှီးနဲ့ရောပြီး သံပရာသီးတစ်လုံး ညှစ်ထည့်လို့ နယ်ထားတဲ့ ငါးနီတူသုပ်က အဆင်သင့်ဖြစ် နေပါပြီ။ ငရုတ်ဆုံထဲက လက်ကျန် ငါးပိထောင်းက တစ်ခွက်၊ ရခိုင်ပုစွန်ချက်နဲ့ အလယ်တည် ပန်းကန်နဲ့ထည့်ထားတဲ့ ဆင်ခရမ်းချဉ်သီးကြက်သောက်ဆမ်းပူပူ၊ ချဉ်ပေါင်ရေကျို၊ တို့စရာစုံစုံနဲ့ စားခဲ့ရတဲ့ အဲသည်နေ့က ထမင်းဝိုင်းက ယနေ့တိုင်မမေ့နိုင်လို့ စာချိုးရမလိုပါ။

 

ကြက်သောက်ဆမ်းက ဆင်ခရမ်းချဉ်သီးရဲ့ ချဉ်ဖြုံးဖြုံးအရသာနဲ့မို့ အရင်စားဖူးခဲ့တဲ့ ကြက်သောက်ဆမ်း အရသာတွေနဲ့ ကွဲပြားပြီး ထူးခြားပါတယ်။ ပုစွန်ပဲနပြား ဆီလည်ရေလည်ချက်၊ ရှူးရှဲအရသာ ငါးနီသုပ်နဲ့ ချဉ်ငန်စပ် ရခိုင်ငါးပိထောင်း၊ ဟင်းလျာတွေ အစပ်ပြေဖို့အတွက်ကိုတော့ ချဉ်ပေါင်ရေကျဲနဲ့ မျှောချရပါတယ်။ အဲသည်နေ့က ဧည့်သည် တစ်သိုက် ထမင်းမြိန်ချက်ကတော့ ထမင်းအိုးလုံး ပြောင်ပါတော့တယ်။

 

ရခိုင်တိုင်းရင်းဟင်းလျာများရဲ့ ပင်ကိုသဘာဝက ဆီအသုံးနည်းရတဲ့ အလေ့အထမို့ ကျန်းမာရေးနဲ့ ညီညွတ်တယ်လို့ ဆိုရမှာပါ။ တစ်ခါ ဟင်းအရသာမှာ အစပ်ကဲပြီး အချဉ်အရသာပါ တွဲထားတာမို့ စားမိတယ်ဆိုရင်ပဲ ချဉ်ချဉ်စပ်စပ်မို့ လျှာကိုစွဲစေတာပါ။ ဒါ့ကြောင့် ရခိုင်ရိုးရာ စားသောက်ဖွယ်ရာများဖြစ်တဲ့ ရခိုင်မုန့်တီ၊ အသား၊ ငါး၊ ပင်လယ်စာ သောက်ဆမ်းဟင်းအမျိုးမျိုး၊ ကင်းမွန်၊ ရေခူ၊ ငါးနီတူ အစရှိတဲ့ ရခိုင်အသုပ်များဟာ နာမည်ကြီး ရခိုင်ရိုးရာဟင်းလျာများ ဖြစ်ပါကြောင်း။

 

စံလွင် (ငါးဦးစီး)