ရက်ရှည်ရုံးပိတ်ရက်များအတွင်း ပန်းတမော့ကျွန်းသို့ နိုင်ငံခြားသားခရီးသွားများလာ ရောက်လည်ပတ်

ရွှေသောင်ယံ ၄  မတ်  

 

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ်ခွဲရှိ ပန်းတမော့ကျွန်းသို့ ရက်ရှည်ရုံးပိတ်ရက်များ အတွင်းနိုင်ငံခြားသား ခရီးသွားများပါ လာရောက်လည်ပတ်ကြကြောင်း သိရသည်။

 

မတ်လ၏ရက်ရှည်ရုံး ပိတ်ရက်များတွင် ပြည်တွင်းပြည်ပခရီးသွားများမှာ မြန်မာနိုင်ငံ၏ အဓိကအထင်ကရနေရာ အသီးသီးသို့ သွားရောက်လည်ပတ်ကြရာ ရွှေသောင်ယံမြို့နယ်ခွဲ ဂျိတ်လက်ကျေးရွာအနီး ပန်းတမော့ကျွန်း သို့လည်း ခရီးသွားများ ရောက်ရှိကြသည်။

 

အဆိုပါ ကျွန်းသည်မကြာသေးမီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသည့်အနေဖြင့် The Lady Island ကျွန်းအဖြစ်သပ်မှတ်ရန် ဒေသခံများစီစဉ်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းခရီးသွားများ အထူးစိတ်ဝင်စားမှု များပြားလာသောကျွန်း တစ်ကျွန်းဖြစ်သည်။

 

ကျွန်း၏ အကျယ်အဝန်းမှာ ဧရိယာ ၄၆.၅၄ဧက ကျယ်ဝန်းပြီး ကျောက်တောင်များ တောအုပ်များနှင့် ကြည်လင်လှပသော ရေပြင်သဘာဝ သန္တာကျောက်တန်းများ၊ ပြန့်ဖြူးသော ကမ်းစပ်တို့ဖြင့် လှပသော ကျွန်းတစ်ကျွန်းဖြစ်သည့်အတွက် ပြည်တွင်း ပြည်ပခရီးသွားများမှာ စိတ်အေးချမ်းသာစွာ အပန်းဖြေရင်း လေ့လာရင်း လာရောက်လည်ပတ်ကြကြောင်း သိရသည်။

 

ကိုကိုမောင် (ပြန်/ဆက်)