ရှမ်းမျိုးနွယ်စု ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ

မြစ်ကြီးနား ၄ မတ်

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ လမ်းသွယ် (၂)အတွင်းရှိ အများ ကောင်းမှုဖြင့် ဆောက်လုပ်ပြီးစီးသွားသည့် ရှမ်းမျိုးနွယ်စုများ ဓမ္မာရုံရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဓမ္မာရုံ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြသည်။

 

 

အခမ်းအနားတွင် တက္ကသီလမဟာဓမ္မာစရိယ၊ B.A, M.A (သီရိလင်္ကာ)၊ အဂ္ဂမဟာကမ္မ ဋ္ဌာနာစရိယ အရှင်သုခမိန္ဒ အမှူးပြုသော ဆရာတော် သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြကာ ဆရာတော် သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ရှမ်းမျိုးနွယ်စု ဓမ္မာရုံ အဆောက်အဦနှင့် ဓမ္မာရုံ မြေငှားအခွန်လွတ် ဂရမ်စာချုပ်များကို ဓမ္မာရုံ တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုင်းယီကျန်က ဓမ္မာရုံ ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးစောနွဲ့လှရွှေထံ လွှဲပြောင်းပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

 ပြည်နယ်(ပြန်/ဆက်)