ရှမ်းပြည်နယ် အလှအပနှင့် ထင်ရှားသည့် ရထားတံတားများ

ရှမ်းပြည်နယ်သည် ကျယ်ဝန်းလှပြီး သာယာလှပသည့် တောတောင်ရေမြေရှုခင်းများနှင့် ထင်ရှားသည့် ရှေးဟောင်းစေတီပုထိုး၊ အဆောက်အဦနှင့် အခြားသဘာဝဂူများ၊ အင်းအိုင်များကြောင့်လည်း ပြည်တွင်း၊ ပြည်ပ ဧည့်သည်များ လာရောက်လေ့လာစရာ ပြည်နယ်တစ်ခုအဖြစ် ကမ္ဘာကျော်အောင် ထင်ရှားလှသည့် ပြည်နယ်တစ်ခု ဖြစ်ပေသည်။ ထိုကဲ့သို့ ကျော်ကြားလှသည့် ပြည်နယ်အတွင်းသို့ ကုန်းလမ်းခရီး ကားဖြင့်လည်းကောင်း၊ ရထားဖြင့် လည်းကောင်း၊ လေကြောင်းခရီးဖြင့်လည်းကောင်း လာရောက်နိုင်ပေသည်။ 


မီးရထားခရီးစဉ်ဖြင့်ဆိုပါက ရန်ကုန်-သာစည်-ရွှေညောင်ခရီးစဉ်၊ မန္တလေး-ပြင်ဦးလွင်-လားရှိုးခရီးစဉ်များသို့ ဧည့်သည်များစီးနင်းလိုက်ပါမှုရှိပေသည်။ ထိုရထားခရီးစဉ်များတွင်ရှိနေသည့် ထင်ရှားလှသည့် တံတားနှစ်စင်းအကြောင်းတင်ပြလိုပါသည်။


ပထမရထားတံတားတစ်စင်းမှာ သာစည်-ရွှေညောင်ရထားလမ်းပိုင်းတွင် တည်ရှိသည့် ဘဝသံသရာတံတားဖြစ်ပြီး သာယာလှပသည့် တောတောင်သဘာဝရှုခင်းရှုကွက်များ၊ အကွေ့အကောက်များ၊ မီးရထားဥမင်များ၊ လွန်ထိုးများ၊ ရင်သပ်ရှုမောဖွယ် ကျောက်ပန်းအိုးတံတားအပြင် သတ္တဝါနာမည်များကို  အစွဲပြုခေါ်ဝေါ်ထားသည့် ခွေးရုပ်၊ ဆင်တောင်၊ မြင်းဒိုက်ဘူတာများနှင့် တေးသံရှင် မောင်ကြည်တိုးသီဆိုခဲ့သည့် ''ကလော အလွန် တစ်ဘူတာ''သီချင်းကြောင့် ပိုမို ထင်ရှားလူသိများခဲ့ပေသည်။ ¤င်းအပြင် ၁၉၅၉-၆ဝ ပြည့်ဝန်းကျင်က ကွယ်လွန်သူ ဒါရိုက်တာ စာရေးဆရာ ဆရာကြီးဦးသုခ ရိုက်ကူးပြီး မင်းသားကြီးဦးဇေယျ၊ မင်းသမီးကြီး ဒေါ်မေသစ်တို့၏ ''ဘဝသံသရာ''ဇာတ်ကား နှင့် လိုက်ဖက်သည့် သီချင်းစာသားဖြစ်သည့် ''ဘဝသံသရာ၊ မနေမနားတသွားထဲ သွားကြ ရှာ၊ ခရီးပန်းတိုင် မရောက်မချင်း၊ တစ်ယောက် ဆင်း၊ တစ်ယောက်တက် ဆက်လက်ထွက်ခွာ မှာ''ဆိုသည့် စာပိုဒ်ကြောင့် တံတားအမှတ် (၃၈၂)၊ နန်းနွတ်ချောင်းတံတားသည်လည်းမူလအမည်ကွယ်ပျောက်ပြီး ယနေ့ထိ ဘဝ သံသရာတံတားဟု ခေါ်ဆိုကာ ပြည်တွင်း၊ ပြည်ပ ခရီးသွားများလေ့လာစရာ နေရာတစ်ခု အဖြစ် တည်ရှိနေပေသည်။ ¤င်းတံတားအား ၁၉၂၇ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် သံမဏိ သံပေါင်တံတားတစ်စင်းဖြစ်ကာ တံတား အရှည်ပေ ၂ဝဝ၊ အမြင့် ၆၂ ပေရှိပြီး ဟဲဟိုး ဘူတာနှင့် ရွှေညောင်ဘူတာအကြား နန်းနွတ် ချောင်းအား ဖြတ်သန်းတည်ဆောက်ထားခြင်း ဖြစ်သည်။ ရထားတံတားသည် ဟဲဟိုးဘက်မှ တောင်ကုန်းအား နန်းနွတ်ချောင်းကမ်းပါး အတိုင်းတက်လာပြီး တံတားဖြင့်ချောင်းအား ဖြတ်သန်းကာ ရွှေညောင်ဘက်အခြမ်းတွင် တောင်ကမ်းပါးယံ၊ သာစည်-ရွှေညောင် ကား လမ်းတို့နှင့် ထိပ်တိုက်တွေ့ဆုံနေသဖြင့် နန်းနွတ်ချောင်းအောက်သို့ ကွေ့ဆင်းကာ တံတားအောက်မှ ပြန်လည်ဖြတ်သန်း၍ နှစ်ထပ်ပုံစံ တည်ဆောက်ထားခြင်းကြောင့် ကြည့်ကောင်းပြီး ''အထက်မှ အောက်'' ''အောက်မှ အထက်'' ''အနိမ့်မှ အမြင့်'' ''အမြင့်မှ အနိမ့်''သီချင်းစာသားနှင့် ကိုက်ညီ ပြီး အကယ်ဒမီဆုများစွာရရှိခဲ့သည့် ဇာတ်ကားကြောင့် ထင်ရှားသည့် တံတား တစ်စင်းဖြစ်သလို နှစ်ပေါင်း ၈၆ နှစ်ခန့်ရှိပြီ ဖြစ်၍ ရှမ်းပြည်နယ်တောင်ပိုင်းသို့ ကားဖြင့် (သို့မဟုတ်) ရထားဖြင့် လာရောက်လည်ပတ် နိုင်သည့် နေရာတစ်ခုဖြစ်သည့်အပြင်၎င်း နေရာမှ ရွှေညောင်ချိုင့်ဝှမ်းနှင့် တောင်ကြီး တောင်တန်းအား လှပတင့်မောဖွယ်ရာ တွေ့မြင်နိုင်ကြောင်း သတင်းကောင်းပါးရ ပြန်သည်။


ဒုတိယတံတားတစ်စင်းကတော့ မန္တလေး- လားရှိုးမီးရထားလမ်းပိုင်းပေါ်ရှိ ကျောက်မဲ ခရိုင် နောင်ချိုမြို့နယ် ဂုတ်ထိပ်ကျေးရွာအနီးရှိ ဂုတ်ထိပ်ချောင်း(သို့မဟုတ်)မိုင်းတင်ချောင်း အား ဖြတ်သန်းတည်ဆောက်ထားသည့် က္ဘာပေါ်တွင် ဒုတိယအမြင့်ဆုံး မီးရထား တံတားတစ်စင်းဖြစ်သည့် ဂုတ်ထိပ်တံတားပင် ဖြစ်သည်။ အဆိုပါတံတားအား ၁၉ဝ၁ ခုနှစ် အထိ အမေရိကန်နိုင်ငံ ပင်ဆယ်လ်ဗေးနီးယား နှင့် မေရီလန်းတံတားဆောက်လုပ်ရေးကုမ္ပဏီ က တည်ဆောက်ခဲ့ပြီး တံတားအမြင့်ပေ ၁၁ဝဝ ရှိကာ အလျား ၂၂၆ဝ ပေ၊ သံမဏိတန်ချိန် ၄၃၁၁ တန်နှင့် သံမှိုပေါင်း ၁ဝ သိန်းကျော် သုံးစွဲထားခဲ့ကြောင်း သိရသည်။ ထိုတံတား တန်ဖိုးမှာ အိန္ဒိယရူပီးငွေ ၁၆၉၈၂ဝဝ ဖြစ် ကြောင်းနှင့် တံတားအား သံမဏိတိုင် ၁၆ တိုင်ဖြင့် ထောက်မတည်ဆောက်ထားပြီး အမြင့်ဆုံးတိုင်မှာ တိုင်အမှတ် ၁၂ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဂုတ်ထိပ်တံတားအား မဖြတ်သန်းမီ ပြင်ဦးလွင်မှ ထွက်ခွာလာသည့် မီးရထားသည် ဂုတ်ထိပ်ဘူတာသို့ ဦးစွာ ရောက်ရှိသည်။ နောင်ချိုဘူတာမှ ဂုတ်ထိပ် ဘူတာသည် အဆင်းဖြစ်ပြီး တစ်နာရီခန့် အကွေ့အကောက်များဖြင့် တောင်ကိုပတ်ပြီး ခုတ်မောင်းရသည်။ ၎င်းနောက် ဂုတ်ထိပ် ဘူတာမှ ရထားထွက်ခွာပြီး က္ဘာကျော် သံမဏိတံတားကြီးအား အသည်းတယားယား ရင်တဖိုဖိုဖြင့် ၁၅ မိနစ်ခန့် ဖြတ်သန်း မောင်းနှင်ပြီး သဘာဝကျောက်နံရံကြီးအား ဖောက်ထွင်းတည်ဆောက်ထားသည့် ၁၉ဝဝ ပြည့်နှစ်တွင် တည်ဆောက်ခဲ့သည့် အလျား ၃၅၂ ပေ၊ အမြင့် ၁၈ ပေ၊ အကျယ် ၁၇ ပေ ၆ လက်မ၊ အကျယ် ၁၇ ပေရှိသည့် လိုဏ်ဂူ အမှတ်(၇)အား ထပ်မံဖြတ်သန်းပြီး တောင်ကြောအတိုင်းပတ်၍ ဆက်လက် တက်ခဲ့ရာ နောင်ပိန်ဘူတာရောက်မှ အတက်ဆုံးပေတော့သည်။ ၎င်းခရီးသည် လည်း တစ်နာရီကျော်ခန့်ကြာမြင့်သည်။


စာရေးသူသည် လားရှိုး၌ တာဝန် ထမ်းဆောင်စဉ် ၁၉၉ဝ ပြည့်နှစ်များတွင် ¤င်းဂုတ်ထိပ်တံတား၌ လုံခြုံရေးတာဝန် ထမ်းဆောင်ခဲ့ဖူးပြီး ထိုစဉ်ကဖောက်လုပ်ပြီးစ ဂုတ်ထိပ်တံတားလမ်းလွှဲနှင့် တံတားအား လည်းကောင်း၊ ဂုတ်ထိပ်ဘူတာမှ နောင်ပိန် ဘူတာသို့လည်းကောင်း နေ့စဉ်လမ်းတစ်လျှောက် လုံခြုံရေးဆောင်ရွက်ခဲ့ရပြန်သဖြင့် နှစ်ပေါင်း ၁၁၂ နှစ် သက်တမ်းရှိသည့် တံတားကြီးအတွက် ဂုဏ်ယူစွာတင်ပြရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါသည်။ ထိုအချိန် က ဆင်ခြေလျှောမှ ရထားလမ်းလွှဲတစ်ခု ဖောက်လုပ်ခဲ့ရာ လမ်းပိုင်းမြေသားများ ခံနိုင်မှု အားနည်းခြင်း၊ ရထားလမ်းအချိုးအကွေ့များ သတ်မှတ်ဒီဂရီထက်များခြင်း၊ အတက်အဆင်း မတ်စောက်ခြင်း၊ တောင်ကမ်းပါးယံများ လှီးဖြတ်ထားရာတွင် ကျဉ်းမြောင်းသဖြင့် အချို့နေရာများတွင် ရထားယိမ်းသည်နှင့် တွဲနှင့် တိုက်မိခြင်း၊ ဂုတ်ထိပ်ချောင်းဖြတ် ဘေလီတံတား၏ ခံနိုင်မှုအားနည်းခြင်းစသည့် အကြောင်းများကြောင့် လမ်းလွှဲအား ဖောက် လုပ်ခဲ့သော်လည်း အသုံးမပြုနိုင်ခဲ့ကြောင်း တွေ့ရပါသည်။ 


ဂုတ်ထိပ်တံတားကြီးအား ဒုတိယက္ဘာစစ်အတွင်းက မဟာမိတ်တပ်များ က သံမဏိမုတ်ခုံး(၂/၅)တို့ကို ဗုံးကြဲဖျက်ဆီး ခဲ့သဖြင့် ဂျပန်တို့က ပြန်လည်ပြုပြင်ခဲ့ပြီး ဂျပန် တို့ ဆုတ်ခွာစဉ် သံမဏိခုံးအမှတ် (၉/၁ဝ/ ၁၁/၁၂)တို့ကို ဖြိုဖျက်ခဲ့ကြောင်း မှတ်တမ်း များအရ သိရသည်။ တံတားကြီးအား ၁၉၄၇ ခုနှစ်မှ ၁၉၄၉ ခုနှစ်အထိ အကြီးစားပြင်ဆင်မှု များ ပြုလုပ်ခဲ့ပြီး ၁၉၉၁၊ ၁၉၉၅၊ ၂ဝဝဝ၊ ၂ဝ၁၂ ခုနှစ်တို့တွင် ဇလီဖားတုံးများလဲလှယ်ခြင်းနှင့် ၂ဝ၁၃ ခုနှစ် မတ်လတွင် တိုင်အမှတ်(၁ဝ)၊ (၁၂)တို့အား ငွေမင်ရောင်ဆေးသုတ်ခြင်း နှင့် ကြံ့ခိုင်မှုအား အစဉ်မပြတ်ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။


မည်သို့ပင်ဆိုစေ ယခုတင်ပြခဲ့သည့် တံတားနှစ်စင်းသည် သက်တမ်း(၈ဝ)နှင့် (၁ဝဝ)ကျော်ကာလအတွင်းရှိသည့် ကိုလိုနီခေတ်ဗိသုကာလက်ရာများဖြင့် တည်ဆောက် ထားကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် သာစည်-ရွှေညောင်လမ်းပိုင်းနှင့် မန္တလေး-လားရှိုးလမ်းပိုင်းများတွင်ရှိသည့် လိုဏ်ဂူများသည် တံတားများ၊ ရထားလမ်းများနှင့်အတူ သမိုင်းအထောက်အထားများအရ လူလုပ် လိုဏ်ဂူများဖြစ်၍ သမိုင်းတွင်အရေးပါသည့် အခန်းကဏ္ဍမှပါဝင်ကြောင်း တွေ့ရပေသည်။ ထို့အပြင် ယခုအချိန်အထိ စီးပွားရေး၊ လူမှုရေး၊ လမ်းပန်းဆက်သွယ်ရေးတို့အတွက် အစားထိုးမရနိုင်သေးသည့် ရှေးဟောင်း သမိုင်းဝင်တံတားများဖြစ်၍ သဘာဝခရီးသွား နေရာများအဖြစ်ဖန်တီးပြီး ထိန်းသိမ်း စောင့်ရှောက်သင့်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။