ရှမ်းပြည်နယ် ဟိုပန်မြို့နယ်ရှိ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲဝန်ထမ်းအိမ်ရာအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ပြင်ဆင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း မေးမြန်း

နေပြည်တော် ၂ သြဂုတ်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၃)ကြိမ်မြောက်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂.၈.၂၀၁၉)တွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းစံအောင် မေးမြန်းသည့် “ရှမ်းပြည်နယ်၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်ရှိ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲဝန်ထမ်းအိမ်ရာအား မည်သည့်ဘဏ္ဍာရေးနှစ်တွင် အသစ်ပြင်ဆင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်း”နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့သည်။

အဆိုပါ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၏ ဖြေကြားချက်မှာ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိအဆင့် (၃)ဦး၊ အခြားအဆင့် (၇)ဦး၊ စုစုပေါင်း (၁၀)ဦး၊ ဟိုပန်မြို့မ ရဲစခန်းမှ အရာရှိ (၆)ဦး၊ အခြားအဆင့် (၅၈)ဦး၊ စုစုပေါင်း (၆၄)ဦး၊ မြို့နယ် တပ်ဖွဲ့မှူးရုံးနှင့် မြို့မရဲစခန်းတို့တွင် စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား (၇၄)ဦး၊ အိမ်ထောင်သည် (၅၅)ဦး၊ လူပျို (၁၅)ဦး၊ အပျို (၄)ဦးတို့ဖြင့် မြို့နယ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းတာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် မြို့မရဲစခန်းအတွင်း မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး(၁)ရုံး၊ ရဲစခန်းအချုပ်ပါ(၁)လုံး၊ လုံချင်းနေအိမ် (၃)လုံး၊ တစ်ခန်းတွဲနေအိမ်(၁)လုံး၊ (၆)ခန်းတွဲနေအိမ် (၃)လုံး၊ (၆)ခန်းတွဲ(၂)ထပ် နေအိမ်လိုင်းခန်း(၁)လုံး၊ စုစုပေါင်းအဆောက်အဦ (၁၀)လုံးရှိပြီး လူနေအိမ်လိုင်းခန်း (၃၅)ခန်းရှိပါကြောင်း၊ အိမ်ထောင်သည် (၃၁)ဦးမှာ နေအိမ်လိုင်းခန်း (၃၁)ခန်းတွင်လည်းကောင်း၊ လူပျို (၃)ဦးမှာ နေအိမ်လိုင်းခန်း (၂)ခန်းတွင် လည်းကောင်း၊ အပျို(၄) ဦးမှာ နေအိမ်လိုင်းခန်း (၂)ခန်းတွင်လည်းကောင်း၊ အိမ်ထောင်သည် (၁၈)ဦးမှာ ဒေသခံများဖြစ်၍ မိဘဆွေမျိုးများနှင့်လည်းကောင်း၊ အခြားဦးရေမှာ ပြင်ပတွင်း ငှားရမ်း၍လည်းကောင်း၊ လူပျို(၄)ဦးမှာ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင်လည်းကောင်း၊ လူပျို (၆)ဦးမှာ မြို့မရဲစခန်းရုံးတွင်လည်းကောင်း၊ လူပျို (၄)ဦးမှာ လုံခြုံရေးတာဝန်ထမ်းဆောင်ရန်အတွက် ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဋ္ဌနေအိမ်တွင်လည်းကောင်း အသီးသီးနေထိုင်လျက်ရှိပါကြောင်း။ 

ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် မြို့မစခန်းမှာ လက်ရှိတပ်ဖွဲ့ဝင်အင်အားနှင့် နေအိမ်လိုင်းခန်း အရေအတွက် လုံလောက်မှု မရှိခြင်း၊ ဖွဲ့စည်းပုံအရ အင်အားထပ်မံဖြည့်တင်းလာပါက တပ်ဖွဲ့ဝင်များ နေထိုင်ရန် အဆောက်အဦးများ လိုအပ်လျက်ရှိခြင်းတို့ကြောင့် ခေတ်နှင့် လျော်ညီတဲ့ မြို့နယ် ရဲတပ်ဖွဲမှူး တစ်ထပ်(၁)လုံး၊ (၆)ခန်းတွဲ(၂)ထပ် (၁)လုံး၊ လူ(၃၀)ဆန့် လူပျိုဆောင် (၁)ဆောင်တို့အား ဆောက်လုပ်ပေးရန် လိုအပ်လျက်ရှိပါကြောင်း။

သို့ပါ၍ ဟိုပန်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး မြို့မရဲစခန်းတွင် လိုအပ်လျက်ရှိသော (၆)ခန်းတွဲ (၂)ထပ် (၁)လုံးနှင့် လူ(၃၀)ဆန့် လူပျိုဆောင် (၁)ဆောင်တို့အား ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းမူလအသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံထားရှိပြီး ဖြစ်ပါကြောင်း၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တစ်ထပ်တစ်လုံးဆောက်လုပ်ရန် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း မူလအသုံးစရိတ်တွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

MDN
Credit-အမျိုးသားလွှတ်တော်