ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့မှ စေတနာ့ဝန်ထမ်းနည်းပြများ (TOT) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချ

တောင်ကြီး   ၂၂   မေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ် လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ စေတနာ့ဝန်ထမ်းများအား စေတနာ့ဝန်ထမ်းနည်းပြများ (TOT) ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး ဒေါ်စိမ်းစိမ်းစိုးနှင့် တာဝန်ရှိသူများက စေတနာ့ဝန်ထမ်းအဖွဲ့များအား ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။

 

a

 

အဆိုပါသင်တန်းသို့ ရှမ်းပြည်နယ်တောင်ပိုင်းမြို့နယ်များမှ စေတနာ့ဝန်ထမ်း(၆၀)ဦး တက်ရောက်ကြပြီး သင်တန်းတွင် ဝန်ဆောင်မှုပေးခြင်း၊ ရောဂါကာကွယ်ခြင်း နည်းလမ်းများ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးအကြောင်း၊  စိတ်ဓာတ်မြှင့်တင်ရေးနှင့် လူမှုပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများ၊ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ ပြောဆိုဆက်သွယ် ဆောင်ရွက်မှုဆိုင်ရာ ကျွမ်းကျင်မှုဘာသာရပ်များအား မြန်မာနိုင်ငံဆရာဝန်များအသင်းမှ ကလေးအထူးကုဆရာဝန်ကြီး (အငြိမ်းစား) ဒေါက်တာသန်းထိုက်၊ ဒေါက်တာဇော်လင်းဖေနှင့် တာဝန်ရှိသူများက ဘာသာရပ်အလိုက် သင်တန်းပို့ချခဲ့ကြကြောင်း သိရသည်။

စိုးညွန့်ရွှေ(ပြန်/ဆက်)