ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုးစု စာပေစာတမ်းဖတ်ပွဲ၊ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်း

တောင်ကြီး ၆ မတ်

 

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပမည့် ရှမ်းပြည်နယ် တိုင်းရင်းသားလူမျိုးစု စာပေစာတမ်းဖတ်ပွဲ၊ ရိုးရာယဉ်ကျေးမှုပြပွဲနှင့် ဈေးရောင်းပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး တတိယအကြိမ် ကြိုတင်ညှိနှိုင်း အစည်းအဝေးကို မတ် ၅ ရက် မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်တိုင်းရင်းသားလူမျိုးစု စာပေစာတမ်းဖတ်ပွဲ၊ ရိုးရာယဉ်ကျေးမှုပြပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကား ပြောကြားသည်။

 

ဆက်လက်၍ တိုင်းရင်းသားလူမျိုးစု စာပေစာတမ်းဖတ်ပွဲနှင့် ရိုးရာယဉ်ကျေးမှု ပြပွဲကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်က ပွဲတော်ကျင်းပရေးလုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီဝင် ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင်က ပွဲတော်ကျင်းပမည့် နေ့ရက်၊ ကျင်းပမည့်နေရာနှင့် ကျင်းပမည့် အစီအစဉ်များအား ဖြည့်စွက်ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အခမ်းအနားပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ ဖျော်ဖြေရေးလုပ်ငန်းကော်မတီ၊ ပြပွဲ၊ ပြခန်းခင်းကျင်းပြသရေးနှင့် ဂုဏ်ပြုလက်ဆောင် ချီးမြှင့်ရေးလုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကော်မတီ၊ စာတမ်းစိစစ်ရေး လုပ်ငန်းကော်မတီ၊ သတင်း၊ မှတ်တမ်းနှင့် ပြန်ကြားရေးလုပ်ငန်းကော်မတီ၊ သယ်ယူပို့ဆောင်ရေးနှင့် တည်းခိုနေရာချထားရေး လုပ်ငန်းကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းကော်မတီ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းကော်မတီ၊ သန့်ရှင်းရေးဆောင်ရွက်မှု လုပ်ငန်းကော်မတီ စသည့် ကော်မတီအသီးသီးတို့မှ တင်ပြဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

 

အဆိုပါပွဲတော်အား မတ် ၂၁ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ရှမ်းပြည်နယ် တိုင်းရင်းသား လူမျိုးစု စာပေစာတမ်းဖတ်ပွဲအား တောင်ကြီးမြို့ မြို့တော်ခန်းမ၌လည်းကောင်း၊ တိုင်းရင်းသား လူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုပြခန်းများ၊ ရိုးရာအကပဒေသာကပွဲများနှင့် ဈေးရောင်းပွဲတော်အား တောင်ကြီးမြို့ အဝေရာကုန်း သာယာကွင်း၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်နယ်(ပြန်/ဆက်)မှ သိရသည်။

 

MDN