ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခိုလမ်၊ ကွန်ဟိန်းမြို့နယ် ပြည်သူ့ဆေးရုံများသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးပစ္စည်း ထောက်ပံ့ပေးအပ်

ခိုလမ် ၁၇    ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်ရှိ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့ ခုတင်(၁၀၀)ဆံ့နှင့် ကွန်ဟိန်း မြို့ရှိ မြို့နယ်ပြည်သူ့ဆေးရုံများသို့ ဧပြီ(၁၇)ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကျန်းမာရေးထောက်ပံ့ပစ္စည်းများ လာရောက်ထောက်ပံ့ ပေးအပ်လှူဒါန်းကြောင်း သိရသည်။

 

ထောက်ပံ့ပေးအပ်လှူဒါန်းခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ ဗမာတိုင်ရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့မှ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ပစ္စည်းများဖြစ်သည့် PPE ဝတ်စုံ၊ Mask၊ Hand Gel၊ လက်အိတ်၊ လက်သန့်ဆေးရည်တို့ကိုပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ထောက်ပံ့ငွေကျပ်(၅)သိန်းပေးအပ်ရာ ခိုလမ် ခုတင်(၁၀၀)ဆံ့ မြို့နယ်ဆရာဝန်ကြီးမှ လက်ခံရယူခဲ့သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကွန်ဟိန်းမြို့ ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ Mask၊ Hand Gel၊ လက်အိတ်၊ လက်သန့်ဆေးရည်၊ အပူချိန်တိုင်း သာမိုမီတာတို့ကို ကျန်းမာရေးအတွက် အသုံးပြုနိုင်ရန် ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်က ပေးအပ်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၅) သိန်းကို ဗမာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ပေးအပ်ရာ တာဝန်ရှိသူ များက လက်ခံရယူကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကွန်ဟိန်း ပြည်သူ့ဆေးရုံ၌ သီးသန့်လူနာဆောင် တည်ဆောက်နေမှုကို ကြည့်ရှုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်(၃၅)သိန်း ထည့်ဝင်လှူဒါန်းခဲ့ကြောင်းနှင့် ကာလိမြို့ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် PPE ဝတ်စုံ၊ Mask၊ Hand Gel၊ လက်အိတ်၊ လက်သန့်ဆေးရည်၊ အပူချိန်တိုင်း သာမိုမီတာနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၃)သိန်းတို့ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများက ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)