ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလိုနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ဇန်နဝါရီ ၂၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူ ၁၇၅ ကီလို၊ အိုက်စ် ၁၅၀၂ ကီလို၊ ကက်တမင်း ၅၅ ကီလိုနှင့် လက်နက်/ ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သတင်းအရ မူးယစ် ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၂၂ ရက် မွန်းတည့် ၁၂ နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံ-မိုင်းဆတ်သွား ကားလမ်း၊ နားကော်(၃)ရွာအနီး၌ စောင့်ဆိုင်းနေစဉ်  သတင်းရရှိထားသည့် TOYOTA HILUX REVO မော်တော်ယာဉ် ရောက်ရှိလာသဖြင့် ရှာဖွေခဲ့ရာ အားစော နှင့် အားကော် တို့ သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၅ ဒသမ ၁ ဘီလီယံကျော်တန်ဖိုးရှိ ဘိန်းဖြူဘလောက်တုံး ၅၀၀ ၊ အလေးချိန် ၁၇၅ ကီလို၊ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁,၅၀၂ ကီလို၊ ကတ်တမင်း ၅၅ ကီလိုနှင့် M 16 သေနတ် ၁ လက်၊ ၎င်းကျည အတောင့် ၃၀၊ M 22 သေနတ် ၁လက်၊ ၎င်းကျည် အတောင့် ၃၀ တို့အား သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

သတင်းစဉ်