ရှမ်းပြည်နယ်(အရှေ့ပိုင်း) သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

ကျိုင်းတုံ ဩဂုတ် ၂၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ် ၂၆ ရက် နံနက်ပိုင်းက ခေမာရဌ်ရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက "သဘာဝဘေးအန္တရာယ် ကျရောက်ပါက ချက်ချင်းသွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းလိုကြောင်း၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများရောက်ရှိပါက ပြည်သူများအား အမြန်ဆုံး ထိုးနှံဆောင်ရွက်ပေးရန်နှင့်  ဆေးဝါများအပါအဝင် ကုန်ပစ္စည်းများ  ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ကုန်စည်စီးဆင်းမှု ချောမွေ့စေရေး၊ ဆေးဝါးပြတ်လပ်မှုမရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန်" ပြောကြားသည်။

ဆက်လက်၍ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း၊ ပြည်နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက  လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံများမှ ပြန်လာသည့် ပြည်တော်ပြန်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ လက်ခံပြီး နေရပ်ဒေသအသီးသီးသို့ ချောမွေ့စွာရောက်ရှိရေး ကူညီ ပို့‌ဆောင်ပေးလျက်ရှိပါကြောင်း၊  ကျိုင်းတုံမြို့နယ်တွင် အောက်ဆီဂျင်စက် ရောက်ရှိတပ်ဆင်လျက်ရှိပြီး ဒေသတွင်း အောက်ဆီဂျင်လိုအပ်ချက်များတွင် လွယ်ကူလျင်မြန်စွာ ဖြည့်ဆည်း ပေးနိုင်မည် ဖြစ်ကြောင်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အမြန်ဆုံး ကူညီဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိပါကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်  ကျိုင်းတုံ-မိုင်းလား သွားလမ်းပေါ်ရှိ ဝမ်တာပင်း စစ်ဆေး‌ရေး ပူးပေါင်းဂိတ်ကို  အမြန်ဆုံးဖွင့်လှစ်နိုင်ရေး သွားရောက်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)