ရှမ်းပြည်နယ်အတွင်းရှိ အထောက်အကူပြု သမဝါယမအသင်းများမှ တောင်သူများအား လယ်ယာသုံးပစ္စည်းများ အရစ်ကျရောင်းချပေးလျက်ရှိ

တောင်ကြီး ၃၀ ဧပြီ

ရှမ်းပြည်နယ်အတွင်းရှိ အထောက်အကူပြု သမဝါယမအသင်းများမှ တောင်သူများအား လယ်ယာသုံး ပစ္စည်းများအား အရစ်ကျရောင်းချပေးလျက်ရှိပြီး စိုက်ပျိုးရေးရာသီရောက်လာချိန်တွင် လယ်ယာ အထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ဧပြီလ ၃၀ ရက်အထိ ရှမ်းပြည်နယ်အတွင်း ဧကပေါင်း (၁၇၆၈) ဧကကို မြေယာပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး သမဝါယမအသင်းသား တောင်သူများသာမက အခြားသော တောင်သူများကိုပါ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ်သမဝါယမ ဦးစီးဌာနမှ သိရှိရသည်။ 

 

ထို့အပြင် ပြည်နယ်အတွင်းရှိ သမဝါယမအသင်းအဆင့်ဆင့်မှ အသင်းသား တောင်သူများသို့ လယ်ယာသုံး ပစ္စည်းများ အရစ်ကျရောင်းချပေးလျက်ရှိရာ အသင်းသား (၄၇၄၃)ဦးသို့ ထံသို့လယ်ယာသုံး စက်(၅၃၈၅)စီး ရောင်းချပေးခဲ့ရာ ယခုအချိန်တွင် အသင်းသား (၃၉၀၄)ဦးမှ လယ်ယာသုံး စက်ကိရိယာ (၄၁၀၈)စီး အား အသင်းသားလက်ဝယ်အပိုင်အဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါအသင်းသားများမှလည်း မိမိတို့သမဝါယမအသင်းသား တောင်သူများသို့ လယ်ယာမြေများ ပြုပြင်ခြင်း၊ ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်းလုပ်ငန်းများကို ချိုသာသောစျေးနှုန်းများဖြင့် ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်းနှင့့် အသင်းသားများအနေဖြင့် လိုအပ်ပါက ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၊ ဟဲဟိုးမြို့ ဦးသန်းဇော်ဝင်း ၀၉ - ၉၅၂၇၅၉၂၃၃ သို့လည်းကောင်း၊ ပင်းတယမြို့နယ်တွင် ဦးကျော်သန်း ၀၉ - ၇၆၂၂၆၅၃၂၂ သို့လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်တွင် ဦးစိုင်းဆာလူ ၀၉ - ၉၇၅၈၆၆၂၁၁ သို့လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ်တွင် ဒေါ်နန်းခမ်းထွေး ၀၉ - ၄၀၃၇၃၅၉၅၂ သို့ လည်းကောင်း ဆက်သွယ် ဝယ်ယူနိုင်ကြောင်း ပြည်နယ်သမဝါယမ ဦးစီး ဌာနမှ သိရှိပြီးပြည်နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသော တောင်သူများ မြေယာပြုပြင်ခြင်း၊ ထွန်ယက်ခြင်းနှင့် စိုက်ပျိုးခြင်းလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာနအနေဖြင့် လယ်ယာ ဝန်ဆောင်မှုသမဝါယမအသင်းများ ဖွဲ့စည်း၍ လယ်ယာအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

 

အေးအေးစိုး(ပြန်/ဆက်)