ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိ

နေပြည်တော်   မေ   ၇

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃ ရက် ညနေ ၅ နာရီခွဲတွင် နောင်ချိုမြို့နယ် ဒုဌဝတီတံတားအနီးတွင် ရပ်စောက်ဘက်မှ နောင်ချိုဘက်သို့ ညီညီအောင် မောင်းနှင်လာသည့် LIGHT TRUCK ယာဉ်ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် စစ်ဆေးမခံဘဲ အရှိန်တင်မောင်းနှင်ထွက်ပြေးသဖြင့် ပူးပေါင်းအဖွဲ့က ပိတ်ဆို့ဖမ်းဆီးခဲ့ရာ နောင်ချိုမြို့နယ် မကျည်းရေ ကျေးရွာအနီး နောင်ချို-ရပ်စောက် သွားကားလမ်း မိုင်တိုင်အမှတ် ၁၁၇/၃ နီး လမ်းဘေးရှိ ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်သွားစဉ် ညီညီအောင် အား ဖမ်းဆီးရမိခဲ့ပြီး အဆိုပါယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင် လာသည့် ကာလတန်ဖိုးငွေကျပ်သိန်း ၇၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ သိန်း သိမ်းဆည်းရမိ ခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများကို ရှမ်းပြည်နယ်မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူ ထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိသည်။

သတင်းစဉ်