ရှမ်းယူနိုက်တက်အသင်း နောက်ကျဂိုးဖြင့် နိုင်ပွဲဆက်

၁၄ ဇူလိုင်

 

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၆) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက  ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက်၊ ရန်ကုန်နှင့် Chinland အသင်းတို့ နိုင်ပွဲရရှိခဲ့သည်။ 

 

တောင်ကြီးကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီအသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်း ရုန်းကန်ခဲ့ရသည့်ပွဲဖြစ်ပြီး နှစ်ဂိုးအရှုံးမှ နောက်မှပြန်လိုက်ကစားခဲ့ပြီး နာကျင်အချိန်ပိုတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် ထိပ်ဆုံးမှ ရန်ကုန်အသင်းကို တစ်မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးနိုင်ခဲ့ပြီး ဟံသာဝတီအသင်းမှာမူ သုံးပွဲဆက်အရှုံးကြောင့် အဆင့် (၅) နေရာအထိ ဆင်းပေးခဲ့ရသည်။

 

ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲကြီးကြီးမားမား မလုပ်ဘဲ ပုံမှန်ပွဲထွက်နေသည့် ကစားသမားအများစုဖြင့် ယှဉ်ပြိုင်ခဲ့ကာ ဟံသာဝတီအသင်းမှာမူ နိုင်ငံခြားသားကစားသမားသုံးဦးအပါအဝင် လူစုံခဲ့သည်။ 

 

ရှမ်းယူနိုက်တက်အသင်းသည် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသော်လည်း ထင်သလောက်ထိရောက်မှုမရှိဘဲ ဟံသာဝတီအသင်းက ရရှိသည့်အခွင့်အရေးများကို အသုံးချကာ ပထမပိုင်းတွင် နှစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သည်။ ဟံသာဝတီအသင်းအတွက် ဦးဆောင်ဂိုးများကို ၈ မိနစ်တွင် ရွှေလှိုင်ဝင်းနှင့် မိနစ် ၄၀ တွင် ပိုဒါတို့က သွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ချေပဂိုးရရန် ကစားအားမြင့်ခဲ့သလို ကစားသမားများ အပြောင်းအလဲပြုလုပ်ကာ တိုက်စစ်မြင့်ခဲ့သည်။ ၄၈ မိနစ်တွင် ဟံသာဝတီအသင်းဂိုးသမား ကိုကိုနိုင် ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့သောကြောင့် ရှမ်းအသင်း ဂိုးပြန်ရကာ လက်ကျန်မိနစ်များမှာ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ချေပဂိုးထပ်ရရန် တိုက်စစ်မြင့်လာပြီး ၆၇ မိနစ်တွင် ပယ်နယ်တီကန်ခွင့်ရခဲ့ကာ မက်ဆီမင်က အမှားအယွင်းမရှိကန်သွင်းခဲ့သောကြောင့် ဒုတိယချေပဂိုးထပ်ရခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး အပြန်အလှန်ကစားနိုင်ခဲ့ပြီး ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးကို ၉၀+၃ မိနစ်တွင် ဘယ်နောက်ခံလူ ဟိန်းသီဟဇော်က အဝေးမှကန်သွင်းခဲ့ခြင်းဖြစ်သည်။ 

 

YUSC ကွင်း၌ ကျင်းပသောပွဲတွင် ရန်ကုန်အသင်းက ဇွဲကပင်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရန်ကုန်အသင်းသည် နိုင်ပွဲဆက်ခဲ့သော်လည်း ခက်ခက်ခဲခဲကစားခဲ့ရပြီး ဒုတိယပိုင်းတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အမှတ်လိုနေသည့် ဇွဲကပင်အသင်း၏ ရုန်းကန်မှုကြောင့် ရန်ကုန်အသင်း အမှတ်ပြည့်ရရန် အားကုန်ထုတ်ကစားခဲ့ရပြီး ၆၁ မိနစ်တွင် မောင်မောင်လွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် Chinland အသင်းက စစ်ကိုင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ Chinland အသင်းသည် ယခုပွဲအနိုင်ရလဒ်ကြောင့် တန်းဆင်းဇုန်မှလွတ်ရန် မျှော်လင့်ချက်ရှိလာပြီး တန်းဆင်းအန္တရာယ်ရှိနေသည့် ကျန်အသင်းများအတွက်လည်း ဖိအားပိုများသွားခဲ့သည်။ Chinland အသင်းအတွက် ဂိုးများကို ၁၄၊ ၄၄ မိနစ်တွင် ထွန်းလင်းအောင်က သွင်းယူပြီး စစ်ကိုင်းအတွက် ချေပဂိုးကို ၁၅ မိနစ်တွင် ဒိုနယ်က သွင်းယူခဲ့သည်။

 

ပွဲစဉ် (၁၆) အပြီးတွင် ရန်ကုန်အသင်းက ၃၃ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး ရှမ်းယူနိုက်တက်အသင်းက ၃၂ မှတ်၊ ဧရာဝတီအသင်းက ရမှတ် ၃၀ ဖြင့် အနီးကပ်ဖိအားပေးလျက်ရှိသည်။ ယင်းအသင်းများနောက်တွင် ရခိုင်အသင်းက ၂၆ မှတ်၊ ဟံသာဝတီအသင်းက ၂၅ မှတ်၊ စစ်ကိုင်းအသင်းက ၂၃ မှတ်၊ ရတနာပုံအသင်းက ၂၂ မှတ်၊ မကွေး၊ ဇွဲကပင်နှင့် Southern အသင်းတို့က ၁၅ မှတ်စီ၊ ဒဂုံအသင်းက ၁၃ မှတ်၊ Chinland အသင်းက ၁၂ မှတ်ရရှိထားသည်။ 

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်

 

IMG_1