ရှမ်းယူနိုက်တက်အသင်း ထိပ်ဆုံးတွင် နှစ်မှတ်အသာဖြင့် ဦးဆောင်

၁၈ သြဂုတ်


၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂၁) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ကျင်းပရာ ရှမ်းယူနိုက်တက်နှင့် ဧရာဝတီအသင်း နိုင်ပွဲရခဲ့သည်။


တောင်ကြီးကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက မကွေးအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် လက်ရှိချန်ပီယံ ရန်ကုန်အသင်း၏ သရေပွဲကြောင့် ထိပ်ဆုံးတွင် နှစ်မှတ်အသာဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ချန်ပီယံဆုကို တစ်ကျော့ပြန်ရယူနိုင်ရန် အခြေအနေကောင်းသွားခဲ့သည်။


ရှမ်းယူနိုက်တက်အသင်းသည် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ မက်ဆီမင်၊ ဝီလျံတို့ကို အမာခံထားကာ ဇင်မင်းထွန်း၊ ထက်ဖြိုးဝေ၊ ဇွဲသက်ပိုင်း၊ ဘုန်းသစ္စာမင်း (ဂိုး) တို့ဖြင့် ပွဲထွက်ခဲ့သည်။ နောက်ပိုင်းပွဲများတွင် ရလဒ်ကောင်းနေသည့် မကွေးအသင်းကလည်း အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် မဖြစ်မနေအနိုင်ရရန် ပွဲစကတည်းက တိုက်စစ်ဖွင့်ကစားသော်လည်း မကွေးအသင်း၏ ခံစစ်ကစားပုံကြောင့် ဂိုးရရန် ရုန်းကန်ခဲ့ရသည်။ ပထမပိုင်းတွင် ဂိုးမသွင်းနိုင်သည့် ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းတွင် တိုက်စစ်မြင့်လာပြီး ဂိုးသွင်းခွင့်များကို အသုံးမချနိုင်သောကြောင့် ၆၄ မိနစ်မှ အဖွင့်ဂိုးရခဲ့သည်။ မကွေးခံစစ်အမှားမှတစ်ဆင့် နန္ဒကျော်ရသွားပြီး ဖန်တီးပေးသောဘောလုံးကို နာကာမူရာက သွင်းယူခဲ့ခြင်းဖြစ်သည်။ ဂိုးရပြီးနောက်ပိုင်းတွင် မြန်မာအသင်း စိတ်ဓာတ်တက်သွားပြီး ၇၇ မိနစ်တွင် ထက်ဖြိုးဝေက ဒုတိယဂိုးသွင်းယူခဲ့သည်။


ပဲခူးကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီအသင်းက ဟံသာဝတီအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဧရာဝတီအသင်းသည် တိုက်စစ်မှူး ဆာဆက်၏ ဟက်ထရစ်ဖြင့် အနိုင်ရခဲ့ပြီး ဒုတိယနေရာကို ရယူနိုင်ခဲ့သည်။ ဧရာဝတီအသင်းအတွက် အနိုင်ဂိုးကို ဆာဆက်က ၂၄၊ ၆၄၊ ၆၇ မိနစ်တွင် သွင်းယူခဲ့ပြီး ဟံသာဝတီအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၅ မိနစ်တွင် မတ်ခ်က သွင်းယူသည်။ သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် Chinland အသင်းနှင့် ရခိုင်အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။


ပွဲစဉ် (၂၁) တတိယနေ့ကို သြဂုတ် ၂၀ ရက်တွင် မန္တလာသီရိကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရတနာပုံအသင်းနှင့် ဇွဲကပင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ သြဂုတ် ၁၈ ရက်ပွဲစဉ်များအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ၄၃ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ဧရာဝတီအသင်းက ၄၁ မှတ်၊ ရန်ကုန်အသင်းက ရမှတ် ၄၀၊ ဟံသာဝတီအသင်းက ၃၂ မှတ်၊ ရခိုင်အသင်းက ၃၁ မှတ်၊ ရတနာပုံအသင်းက ၂၉ မှတ်၊ စစ်ကိုင်းအသင်းက ၂၇ မှတ်၊ မကွေးအသင်းက ၂၄ မှတ်၊ Southern အသင်းက ရမှတ်၊ ၂၀၊ ဇွဲကပင်အသင်းက ၁၈ မှတ်၊ ဒဂုံနှင့် Chinland အသင်းတို့က ၁၇ မှတ်စီရထားသည်။ 


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်

 

1 (3).j