ရှမ်းယူနိုက်တက်နှင့် စစ်ကိုင်းအသင်း ဂိုးပြတ်ရလဒ်ဖြင့် ပထမဆုံးနိုင်ပွဲရရှိ

ရန်ကုန် ၂၆ ဇန်နဝါရီ

၂၀၁၉ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရှမ်းယူနိုက်တက်နှင့် စစ်ကိုင်းအသင်း ဂိုးပြတ်နိုင်ပွဲရယူနိုင်ခဲ့သည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက တန်းတက်ဒဂုံအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားမှုကို အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး နည်းပြချုပ်သစ် ဦးမင်းသူလက်ထက် MNL အမှတ်ပေးပြိုင်ပွဲ ပထမဆုံးနိုင်ပွဲ ရယူနိုင်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ဂိုးပြတ်အနိုင်ရသော်လည်း ခြေစွမ်းအရ အကောင်းဆုံးပုံစံမရှိသေးဘဲ ခံစစ်ပိုင်းကလည်း ဂိုးများဆက်တိုက် ပေးနေရသည်။

ရှမ်းယူနိုက်တက်အသင်းသည် ပထမဆုံးနိုင်ပွဲအတွက် ပွဲထွက်လူစာရင်းကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဒဏ်ရာရနေသည့် ဂိုးသမား သီဟစည်သူမှလွဲ၍ လူစုံအသုံးပြုခဲ့ပြီး ဒဂုံအသင်းမှာလည်း နိုင်ငံခြားသား ကစားသမားသုံးဦး အပါအဝင် လူစုံပွဲထုတ်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲအစ သုံးမိနစ်တွင် ဂူစတာဗို သွင်းယူသည့်ဂိုးဖြင့် အဖွင့်ဂိုးရသော်လည်း ပွဲကို ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ပထမပိုင်းတစ်ပိုင်းလုံး ခြေအသာမရခဲ့ပေ။

ဂိုးသွင်းခွင့်အချို့ကိုလည်း အသုံးမချနိုင်၍ ဒဂုံအသင်းအတွက် အခွင့်အရေးပြန်ဖြစ်ခဲ့သည်။ သို့သော် ရှမ်းယူနိုက်တက်အသင်းသည် ဒုတိယပိုင်းအစ ၁၅ မိနစ်အတွင်း သုံးဂိုး သွင်းယူနိုင်သောကြောင့် အနိုင်ရလဒ် ရရှိခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၄၈ မိနစ်တွင် မေကွန်၊ ၅၅ မိနစ်တွင် ဇင်မင်းထွန်း၊ ၅၉ မိနစ်တွင် ဆွမ်လမန်တို့က သွင်းယူခဲ့သည်။ တန်းတက်ဒဂုံအသင်းမှာလည်း ရှမ်းအသင်းကို အခက်တွေ့အောင်လုပ်နိုင်ခဲ့ပြီး ၇၄ မိနစ်တွင် ဇာမာ၊ ၉၀+၂ မိနစ်တွင် ပယ်နယ်တီမှတစ်ဆင့် စိုးမြတ်သူတို့က ချေပဂိုးပြန်သွင်းခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် ပဉ္စမဂိုးကို မိနစ် ၉၀ တွင် ဒွေးကိုကိုချစ်က သွင်းယူခဲ့သည်။

မုံရွာကွင်း၌ ကျင်းပသည့်ပွဲတွင် စစ်ကိုင်းအသင်းက Southern အသင်းကို ခြောက်ဂိုးပြတ် အနိုင်ရခဲ့သည်။ စစ်ကိုင်းအသင်းသည် နှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုကို အဆုံးသတ်နိုင်ခဲ့ပြီး ဂိုးဒါဇင်ဝက်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ တိုက်စစ်မှူး ဒိုနယ်က ၄၉၊ ၆၂၊ ၈၂ မိနစ်တွင် ဟက်ထရစ်သွင်းယူပြီး ကျန်ဂိုးများကို ၁၆ မိနစ်တွင် တိုးဆက်နိုင်၊ မိနစ် ၄၀ တွင် ဖရိုင်းဒေးနှင့် ၅၆ မိနစ်တွင် ကျော်စွာမင်းတို့က သွင်းယူခဲ့သည်။ ဝေသာလီကွင်း၌ ကျင်းပသည့်ပွဲတွင် ရခိုင်နှင့် ဇွဲကပင်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။ ၃ မိနစ်တွင် ပက်ထရစ်က ပယ်နယ်တီမှတစ်ဆင့် ဇွဲကပင်အသင်းအတွက် ဂိုးစသွင်းခဲ့ပြီး ရခိုင်အတွက် ချေပဂိုးကို ၅၉ မိနစ်တွင် ဇော်ဇော်နိုင်က သွင်းယူပေးခဲ့သည်။ 

ဒုတိယနေ့ကို ဇန်နဝါရီ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗထူးကွင်း၌ ရတနာပုံနှင့် ရန်ကုန်၊ သုဝဏ္ဏကွင်း၌ Chinland နှင့် ဧရာဝတီ၊ ပဲခူးကွင်း၌ ဟံသာဝတီနှင့် မကွေးအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်