ရှင်ဗွေယန်၊ တံတားဦး၊ မိုးမိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

နေပြည်တော် ၅ ဇန်နဝါရီ

 

တနိုင်းမြို့နယ်၊ ရှင်ဗွေယန်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၄ ရက် ညနေ ၅ နာရီက ရှင်ဗွေယန်မြို့၊ အမှတ်(၃)ရပ်ကွက်နေ အာနိုး(ခ) ကျော်စိုးနိုင် ၏နေအိမ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇,ဝ၀ဝ ၊ ဘိန်းဖြူ သုည ဒသမ ၆၂၇ ကီလို တို့ကိုလည်းကောင်း၊

 

အလားတူ ယင်းနေ့ ညနေ ၅ နာရီခွဲက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် တံတားဦးမြို့နယ်၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း နောက်ဆုံးရှာဖွေ စစ်ဆေးရေးစက်တွင် ဘန်ကောက်အဲယားဝေးလေကြောင်းလိုင်း၊ ခရီးစဉ်အမှတ် PG-714 ဖြင့် မန္တလေးမှ ဘန်ကောက်သို့လိုက်ပါမည့် ခရီးသည် YUAN CHENG CHENG အားစစ်ဆေးရာ ငွေကျပ်သိန်း ၁၄၉၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၉,၈၀ဝ ၊ YUAN CHENG CHENG အမည်ဖြင့် EH 8790888 နံပါတ်ပါ နိုင်ငံကူးလက်မှတ်စာအုပ် တစ်အုပ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊

 

ထို့အတူ ယင်းနေ့နံနက် ၄ နာရီက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုးမိတ်မြို့နယ်၊ မိုင်းဟောက်ကျေးရွာအုပ်စု၊ ဘော်ဒေကျေးရွာအဝင်၊ တွင်းငယ်-မိုးမိတ်သွားကားလမ်းတွင် ဇော်လွမ် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ဝ ဒသမ ၉ ဂရမ်နှင့် စိတ်ကြွရူးသွပ် ဆေးပြား ၄,ဝ၈၀ တို့ကိုလည်းကောင်း၊ အလားတူ ပူးပေါင်းအဖွဲ့သည် အထက်ပါ နေရာတွင် ဂမ်ဖန်(ခ)ရဲဇင်မင်းသူ  မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်ရှာဖွေရာ ဆီတိုင်ကီ ဝဲဘက်အောက်ကာဘာအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၀ ၊ ဘိန်းဖြူ ၂၄ ဒသမ ၅ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

(ရဲပြန်ကြား)