ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြ

မွေးကင်းစကလေးငယ်များ စွန့်ပစ်ခြင်းမှ ကာကွယ်တားဆီးရေးနှင့် စွန့်ပစ်ခံ မွေးကင်းစကလေးငယ်များကို စနစ်တကျ ပြုစုစောင့်ရှောက်ရေးသည် အမှန်တကယ် လိုအပ်နေသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပြီး စွန့်ပစ်ခံရသော ရင်ခွင်မဲ့ကလေးငယ်များကို မိဘရင်ခွင်တွင် စောင့်ရှောက်သကဲ့သို့ စောင့်ရှောက်မှုရရှိရန်နှင့် ရင်ခွင်မဲ့ စွန့်ပစ်ခံကလေးများ ထပ်မံမဖြစ်ပေါ်စေရေးအတွက် ကာကွယ်တားဆီးရန်မှာ အလွန်အရေးကြီးလှသည်။

 

မတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြလိုက်ရပါသည်။ 

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး
(လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)

 

ကျွန်တော်တို့အစိုးရအဖွဲ့ အသစ်တက်လာတဲ့အချိန်မှာ ပြည်သူတွေနဲ့ ပတ်သက်ပြီး အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီး ဖြေရှင်းရတယ်။ စိန်ခေါ်မှုတွေထဲမှာ ရင်ခွင်မဲ့ကလေးများဆိုတဲ့ ပြဿနာက ကြီးထွားလာတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ ဒါကိုလည်း အစိုးရက ဖြေရှင်းနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရကပြည်သူကို တိုက်ရိုက်အကျိုးရှိမယ့် ကိစ္စတွေ ဆောင်ရွက်နေတာဖြစ်တဲ့အတွက် ကြောင့်ပါ။ ရင်ခွင်မဲ့ကလေးများ ဖြစ်ပေါ်လာရတဲ့ ကိစ္စကလည်း လူမှုစီးပွားတွေကို အခြေခံနေပါတယ်။ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆောင်ရွက်နေတာဖြစ်တဲ့ အတွက်ကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေသိအောင်၊ ဒီလိုဖြစ်နေတယ် ဆိုတာကိုလည်း ပြည်သူတွေသိပြီးတော့ မဖြစ်အောင် ကာကွယ်မယ်၊ ဖြစ်ပြီးသားတွေကိုလည်း စောင့်ရှောက်မယ်။အဲဒီအတွက် ရင်ခွင်မဲ့ကလေးတွေကို စောင့်ရှောက်ဖို့၊ ကာကွယ်ဖို့၊ လျှော့ချဖို့ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီအခမ်းအနား ဖြစ်ပေါ်လာတာဖြစ်ပါတယ်။

 

ရင်ခွင်မဲ့ကလေးတွေ လျှော့ချဖို့ ကာကွယ်စောင့်ရှောက်ဖို့အတွက် အစိုးရမှာလည်း တာဝန်ရှိတယ်။ လူမကိစ္စဖြစ်တဲ့အတွက် လူမှုအဖွဲ့အစည်းတွေမှာလည်း တာဝန်ရှိတယ်။ ပြည်သူတစ်ရပ်လုံးလည်း ပါဝင်ဖို့ လိုတယ်။ အစိုးရအနေနဲ့ ဦးဆောင်မှုမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တိုက်ရိုက်ပတ်သက်နေတယ်။ ရင်ခွင်မဲ့ကလေးငယ်တွေ စွန့်ပစ်တာရဲ့ အဓိက ဇာတ်ကောင်ကတော့ လူငယ်တွေနဲ့ အမျိုးသမီးငယ်လေးတွေ ဖြစ်ကြတယ်။ ဒီနေ့အခမ်းအနားမှာ လူငယ်တွေနဲ့ အမျိုးသမီးငယ်လေးတွေကို အဓိက ဖိတ်ကြားထားတယ်၊ ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဖို့ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့သိဖို့လည်း မီဒီယာတွေကနေ ဖြန့်တာဖြစ်ပါတယ်။ ပြည်သူတွေအားလုံး ပါဝင်ဖို့လိုပါတယ်။ ရင်ခွင်မဲ့ကလေးငယ်တွေကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စာရင်းကောက်ယူဖို့ အဖွဲ့အစည်းတွေကစပြီး ဆောင်ရွက်နေပါတယ်။ ပထမဆုံးဆေးရုံတွေနဲ့ ပရဟိတ ဂေဟာတွေမှာ စာရင်းဇယားတွေ ကောက်ယူနေပါတယ်။ အဓိက ရန်ကုန်မှာဆိုရင် အမျိုးသမီးဆေးရုံကြီး၊ မြောက်ဥက္ကလာပဆေးရုံ၊ အင်းစိန်ဆေးရုံ၊ ရန်ကင်းကလေးဆေးရုံတွေမှာ ဦးစွာကောက်ယူထားတဲ့ အချက်တွေ ရှိပါတယ်။ အဲဒီမှာ ရင်ခွင်မဲ့ကလေးငယ် ၁၀နီးပါးရှိနေပါတယ်။ ကျန်တဲ့ ပရဟိတဂေဟာတွေမှာလည်း ရှိနေတဲ့အတွက် စာရင်းဇယားတွေက ဆောင်ရွက်နေဆဲဖြစ်ပါတယ်။

 

တွေ့ဆုံမေးမြန်း-မင်းသစ်
ဓာတ်ပုံ-ဇော်မင်းလတ်