ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြ

မတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြလိုက်ရပါသည်။ 

 

ဒေါက်တာဒေါ်သက်သက်ဇင်
(မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ)

 

ဒီနေ့အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီကနေ ကြီးမှူးကျင်းပတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် အခမ်းအနားလည်း ဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ကလည်း တခြားအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပါဝင်တာ ဖြစ်ပါတယ်။ ကျွန်မတို့ကလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော်မတီရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့အတွက် အမျိုးသမီးများ အကြမ်းဖက်ခံရမှု တားဆီးရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်လေး လူငယ်တွေသိရအောင် ပြခန်းတစ်ခန်းယူထားပြီး ပညာပေးဆောင်ရွက်နေပါတယ်။ ဒီနေ့အခမ်းအနားမှာ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်းစုံပါတဲ့အတွက် အမျိုးသမီးတွေ အသိပညာတွေရရှိပြီး ပြဿနာတွေကို ရှောင်ရှားနိုင်မှာဖြစ်တယ်။ ရင်ခွင်မဲ့ကလေးငယ်တွေ များပြားလာတဲ့ အကြောင်းအရင်းက အများကြီးပါ။ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးအဖွဲ့ကနေ သုတေသနလုပ်ပြီး ရင်ခွင်မဲ့ကလေးငယ်တွေ ဘာကြောင့် များပြားလာတယ်ဆိုတာ တွေ့ရှိချက်တွေကို ပြခန်းမှာ ပြသထားပါတယ်။ ရင်ခွင်မဲ့ကလေးငယ်တွေ ဖြစ်ခဲ့ရတာက အကြမ်းဖက်မှုက အခြေခံတာများတဲ့အတွက် အကြမ်းဖက်မှုကို တားဆီးနိုင်ဖို့ ကျွန်မတို့ဘက်က ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

တွေ့ဆုံမေးမြန်း-မင်းသစ်
ဓာတ်ပုံ-ဇော်မင်းလတ်