ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြ

မတ် ၁၇ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်တွင် ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုအခမ်းအနားကို ကျင်းပရာ တက်ရောက်လာကြသည့် အစိုးရအဖွဲ့ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များကို မေးမြန်းတင်ပြလိုက်ရပါသည်။ 

 

ဒေါက်တာမြတ်စန္ဒာသန့်
(မြင့်မိုရ်မေတ္တာ-ခိုနားရာ၊ Single Mother Foundation Single Mother Foundation)

မြန်မာနိုင်ငံမှာ အမျိုးသမီးငယ်တစ်ယောက်က ခင်ပွန်းသည်မရှိဘဲ ကိုယ်ဝန်ရတယ်ဆိုပါတော့၊ ဒီကလေးကို တိတ်တိတ်လေးမွေးပြီး စွန့်ပစ်လိုက်ဖို့ပဲ¬ ကြိုးစားကြတာ။ သူတို့ရဲ့ ရည်ရွယ်ချက်က ဒီကလေးမရှိတော့ရင် ငါအပျိုပြန်ဖြစ်သွားမယ်လို့ ထင်နေတာ၊ အဲဒီအနေအထားကနေ ရင်ခွင်မဲ့ကလေးငယ်တွေ များပြားလာတယ်။ နောက်တစ်ခုက ရင်ခွင်မဲ့ကျောင်းတွေ အလွန်များလာတယ်။ ရင်ခွင်မဲ့ကျောင်းတွေ များလာတာက ကလေးများလို့ မဟုတ်ဘူး၊ တာဝန်မဲ့တဲ့ မိဘတွေများလာလို့။ ရင်ခွင်မဲ့ကလေး လျှော့ချရေးတင်မကဘူး၊ ရင်ခွင်မဲ့ကျောင်းတွေ လျှော့ချရေးကိုပါ စိစစ်ရတော့မှာ။ မြန်မာနိုင်ငံမှာ ရင်ခွင်မဲ့ကလေးကို မွေးစားခွင့်မပေးဘူး။ အဲဒီအယူအဆကလည်း မှားနေတယ်။ ရင်ခွင်မဲ့ကလေးဖြစ်လာရင် မိသားစုအသစ် ဖန်တီးပေးသင့်တယ်၊ ဒီကလေးအတွက်ပါ။ ရင်ခွင်မဲ့ကလေး လျှော့ချရေးကို မြန်မာနိုင်ငံမှာလုပ်ကို လုပ်ရမယ်။ မြန်မာနိုင်ငံမှာရှိနေတဲ့ ရင်ခွင်မဲ့ကျောင်းတွေက တကယ်ရင်ခွင်မမဲ့ဘူး။ မိဘမဲ့တွေမဟုတ်ဘူး။ မိဘတာဝန် မဲ့တဲ့သူတွေ။ ကလေးတွေက မိဘတွေရှိတယ်။ 

 

ရင်ခွင်မဲ့ကလေးတွေ များလာတာက အဓိက စီးပွားရေး အကျပ်အတည်းရယ်၊ မြန်မာ့ဓလေ့ ထုံးတမ်းစဉ်လာရယ်၊ အဖေမပေါ်တဲ့ကလေး၊ အဲဒီစကားတွေက မြန်မာ့ထုံးတမ်းစဉ်လာရဲ့ စကားတွေ။ ကလေးက အဖေမပေါ်တာ မဟုတ်ဘူး၊ ကလေးက အဖေရှိတယ်။ အဖေက တာဝန်ယူမသွားတာ။ နှိမ့်ချပြီးပြောနေတဲ့ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာ စကားတွေကို လုပ်သင့်တာက အတွေးအခေါ် အကြည့်အမြင် အယူအဆတွေ ပြောင်းလဲပစ်ရမှာ။ Single Mother  အဖြစ် ရပ်တည်လာမယ့် သူတွေကို ဆွဲထူပေးရမှာကို ဆွဲချနေကြတယ်။ အဖေမပေါ်တဲ့ ကလေးဆိုပြီး ဆွဲနှစ်နေကြတယ်ဆိုရင် ဒီမိန်းမသည် ဒီကလေးကို မစွန့်ပစ်ချင်ဘဲနဲ့ စွန့်ပစ်သွားလိမ့်မယ်။ အဲဒါကို ကျွန်မတို့ တားဆီးချင်တယ်။ Single Mother ဆိုတာ တစ်ကမ္ဘာလုံးမှာ ရှိတယ်။ နိုင်ငံတိုင်းမှာ ရှိတယ်။ ကလေးကိုမွေးပြီး စွန့်ပစ်တာသည် နို့မတိုက်နိုင်လို့မှ မဟုတ်တာ၊ ပြဿနာအရင်းအမြစ်ကို လိုက်ရှာရမှာ။ မိဘမဲ့ဆိုတာ သေသွားလို့မှမဟုတ်တာ။ မိဘတာဝန်မဲ့တာ။ မိဘတာဝန်မမဲ့အောင် ဘယ်လိုတွန်းအားပေးရမလဲဆိုတော့ ပြည်သူကပြန်ပြီး တွန်းအားပေးရမယ်။ မလိမ္မာတဲ့ အဖေနဲ့ အမေကြောင့် လောကကြီးထဲရောက်လာတဲ့ ကလေးက အဘိုးအဘွားနဲ့ ပတ်ဝန်းကျင်က မကူညီရင် နေစရာမရှိဘူး။

 

တွေ့ဆုံမေးမြန်း-မင်းသစ်
ဓာတ်ပုံ-ဇော်မင်းလတ်