ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ

၉ နိုဝင်ဘာ

 

 

ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ ဟူသော ဆောင်ပုဒ်နှင့်အညီ တိုင်းပြည်အတွင်းရှိ စီးပွားရေးလုပ်ငန်းများအတွက် ရှင်းလင်းလွယ်ကူသော လုပ်ထုံးလုပ်နည်းများ ချမှတ်ပေးနိုင်မှသာလျှင် နိုင်ငံတော်စီးပွားရေးဖွံ့ ဖြိုးမှုကို ထူထောင်နိုင်မည် ဖြစ်ပါသည်။ ဤကဲ့သို့ စီးပွားရေးလုပ်ငန်းများအတွက် ရှင်းလင်းလွယ်ကူသော လုပ်ထုံးလုပ်နည်း ရှိမရှိကို သုံးသပ်မည်ဆိုပါက ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍသည် ထိထိရောက်ရောက် ထင်ဟပ်ဖော်ပြနိုင်သော လုပ်ငန်းကဏ္ဍတစ်ရပ် ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံကဲ့သို့သော စီးပွားရေးထူထောင်နေဆဲနိုင်ငံများ၌ အခြေခံအဆောက်အအုံဆောက်လုပ်ရေးသည် အခြေခံအုတ်မြစ် ကဏ္ဍတစ်ရပ်ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

 

 

 

မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ငန်းများလွယ်ကူမှု အညွှန်းကိန်းလုပ်ငန်းစဉ်များ၌ ၂၀၁၄ ခုနှစ်မှစတင်၍ ပါဝင်ခဲ့ပါသည်။ ဤကဲ့သို့စတင်ပါဝင်ချိန်မှစ၍ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်သော လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူရေးကို စတင်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ၂၀၁၄ ခုနှစ်၌ မြန်မာနိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်သောလုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူမှု အညွှန်းကိန်းသည် အဆင့် ၁၃၄ က ရှိခဲ့ပါသည်။ ဤသို့သော အနေအထားမှ ၂၀၁၅ ခုနှစ်၌ အဆင့် ၁၃၀၊ ၂၀၁၆ခုနှစ်၌ အဆင့်၇၄၊ ထိုမှတစ်ဆင့် ၂၀၁၇ ခုနှစ်၌အဆင့် ၆၆ အထိ တက်လာခဲ့ပါသည်။ သို့သော် ၂၀၁၈ ခုနှစ်၌ အဆင့် ၇၃သို့ ပြန်ကျခဲ့ပါသည်။ အဆိုပါ ဖြစ်စဉ်တစ်ရပ်လုံးကို ခြုံငုံသုံးသပ်ပါက ဆောက်လုပ်ရေးလုပ်ငန်းများနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူမှုအညွှန်းကိန်းသည် စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆင့် ၆၁ ဆင့် တိုးတက်လာသည်ကို တွေ့ရမည်ဖြစ်ပါသည်။

 

 

 

တစ်ဖန် တခြားသော အခြေခံအဆောက်အအုံလုပ်ငန်းကဏ္ဍတစ်ရပ်ဖြစ်သည့် လျှပ်စစ်စွမ်းအားကဏ္ဍ၏ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူမှုရှိရေး ကြိုးပမ်းမှုတို့ကို ကြည့်ပါက နိုင်ငံတော်အစိုးရ၏ “ရှင်းလင်းလွယ်ကူ တိုင်းပြည်ထူ” ဟူသော ဆောင်ပုဒ်ဖြင့် ကြိုးပမ်းအကောင်အထည်ဖော်နေမှုတို့ကို ထင်ထင်ရှားရှား မြင်တွေ့ရမည် ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အားနှင့်ပတ်သက်သော လုပ်ထုံးလုပ်နည်းများ ရှင်းလင်းလွယ်ကူမှု ရှိမရှိ တိုင်းတာရာ၌ အချက်လေးရပ်ဖြင့် တိုင်းတာလျက်ရှိပါသည်။ ပထမဦးဆုံးသော အချက်သည် လျှပ်စစ်ဓာတ်အားရရှိလိုသောပြည်သူတစ်ဦးအတွက် လျှပ်စစ်ဓာတ်အား ရရှိသည်အထိ နိုင်ငံတော်ကမည်သို့မည်ပုံ စီစဉ်ထားသည်ကို သုံးသပ်ကြည့်ရှုခြင်း ဖြစ်ပါသည်။ ဒုတိယအချက်သည် ဤအစီအစဉ် လုပ်ထုံးလုပ်နည်းများ ပြီးမြောက်စေရန် ပြည်သူတစ်ဦးအနေဖြင့် အချိန်မည်မျှပေးရသည်ဟူသော အချက်ဖြစ်ပါသည်။ တတိယအချက်မှာမူ လျှပ်စစ်ဓာတ်အားရရှိရေးအတွက်ပြည်သူတို့ကျခံရသော ကုန်ကျစရိတ်ကို ၎င်းတို့၏ဝင်ငွေဖြင့် အချိုးချတွက်ချက်ဖော်ပြခြင်း ဖြစ်ပါသည်။ စတုတ္ထအချက်မှာ ပြည်သူတို့ရရှိသောလျှပ်စစ်ဓာတ်အား၏ ယုံကြည်အားထားနိုင်မှု ဖြစ်ပါသည်။ ဤအချက်လေးချက်ကိုသာ ပြည့်ပြည့်ဝဝ သုံးသပ်နိုင်မည်ဆိုပါက လျှပ်စစ်ဓာတ်အားကဏ္ဍ၏ လုပ်ထုံးလုပ်နည်းများရှင်းလင်းလွယ်ကူမှု ရှိမရှိကို အမှန်တကယ်တိုင်းတာသုံးသပ်နိုင်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ “ရှင်းလင်းလွယ်ကူတိုင်းပြည်ထူ” ဟူသောဆောင်ပုဒ်ဖြင့် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်မှုတို့ကို သုံးသပ်ပါက ပြည်သူလူထု၏ စိတ်နှလုံး၌ အလွယ်တကူမမြင်သာသော ကိစ္စရပ်များဖြစ်နေသော်လည်း တိုင်းပြည်၏ ဖွံ့ ဖြိုးတိုးတက်မှုအတွက် အမှန်တကယ် အထောက်အပံ့ဖြစ်စေသည့် ကိစ္စရပ်များဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ မြန်မာ့အလင်း