ရင်းနက်စ်အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ပီအက်စ်ဂျီအသင်း အမှတ်ပေးဇယားထိပ်တွင် ၁၆ မှတ်ဖြတ်ကာ ဆက်လက်ဦးဆောင်နိုင်ခဲ့

ဖေဖော်ဝါရီ  ၁၃

ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ပထမတန်း ဖလားပြိုင်ပွဲရဲ့ ပွဲစဉ် ၂၄ အဖြစ် ဖေဖော်ဝါရီ ၁၁ ရက် ညပိုင်းက ရင်းနက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပီအက်စ်ဂျီ အသင်း အမှတ်ပေးဇယားထိပ်တွင် ၁၆ မှတ်ဖြတ်ကာ ဦးဆောင်နိုင်ခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ ရင်းနက်စ်အသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန် မိနစ် ၉၀ အတွင်း ဘယ်အသင်းကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ ပွဲကစားချိန် ၉၃ မိနစ်(နာကျင်အချိန်ပို)ရောက်မှသာ တိုက်စစ်မှူး အမ်ဘတ်ပီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ပီအက်စ်ဂျီအသင်း နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ အခွင့်အရေး အများအပြားရရှိခဲ့ပေမယ့် အခွင့်အရေးကို အကောင်းဆုံး အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးပြတ်နိုင်ပွဲရရှိမယ့် အခွင့်အရေးနဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ပထမတန်းပွဲစဉ် ၂၄ ပွဲကစားပြီးချိန်မှာ တစ်ပွဲသာ ရှုံးပွဲကြုံထားကာ ၁၈ ပွဲအထိ နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအတွက် အနိုင်သွင်းဂိုးတစ်ဂိုးသွင်းယူပေးခဲ့တဲ့ တိုက်စစ်မှူး အမ်ဘတ်ပီဟာ အခုနှစ် ဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် ပွဲစဉ်စုစုပေါင်း ၃၁ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂၁ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ပြင်သစ်ပထမတန်းပြိုင်ပွဲရဲ့ အမှတ်ပေးဇယားဒုတိယနေရာက မာဆေးလ်အသင်းကတော့ လက်ရှိ အချိန်မှာ ၂၃ ပွဲသာယှဉ်ပြိုင်ကစားထားပြီး ရမှတ် ၄၃ မှတ်သာ ရရှိထားသောကြောင့် ရမှတ် ၅၉ မှတ်ရရှိ ထားတဲ့ ပီအက်စ်ဂျီအသင်းက ၁၆ မှတ်အထိ ဖြတ်ထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မာဆေးလ်အသင်းဟာ ပြင်သစ်ပထမတန်းပြိုင်ပွဲရဲ့ လာမယ့်ပွဲစဉ်အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၈ နေရာမှာ ရပ်တည်နေတဲ့ မက်ဇ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ငွေကြယ်