ရန်ကုန်-မော်လမြိုင် ကားလမ်းမတွင် မောင်းနှင်လာသော ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက် ယာဉ်ပေါ်ပါ ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

ပေါင် ၆  သြဂုတ်  


သထုံခရိုင်၊ ပေါင်မြို့နယ်၊ သဲဖြူကုန်းအုပ်စု၊ ကန်ဖြူကျေးရွာ ရန်ကုန်-မော်လမြိုင် ကားလမ်းမပေါ်တွင် မောင်းနှင်လာသော မော်တော်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ်ပါသူ အမျိုးသမီး ၃ ဦး ထိခိုက်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။


သြဂုတ် ၅ ရက် ညနေ ၆ နာရီခန့်က ပေါင်မြို့နယ်၊ သဲဖြူကုန်းအုပ်စု၊ ကန်ဖြူကျေးရွာတွင် မော်လမြိုင်မှ ပေါင်ဘက်သို့ ယာဉ်မောင်း ထိန်လင်းဦး ၂၉ နှစ် မောင်းနှင်လာပြီး ယာဉ်နောက်ခန်းတွင် ဒေါ်မွန်နောင်၊ ဒေါ်အေးခိုင်၊ ဒေါ်မြင့်ဦး (ပေါင်မြို့နယ်)နေသူတို့ လိုက်ပါစီးနင်းလာသော PICKUP အမျိုးအစား မော်တော်ယာဉ်မှာ HIGH WAY KING လက်ဖက်ရည်ဆိုင်အနီးတွင် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ မရရှိသော်လည်း ယာဉ်ပေါ်လိုက်ပါစီးနင်းသူ ၃ ဦးမှာ နာကျင်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများမှ သိရသည်။


အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်မောင်းအား မုတ္တမနယ်မြေ ရဲစခန်းမှ အမှုဖွင့်လှစ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ကိုဟိန်း(ပေါင်)